Connect with us

MYANMAR

COVID-19 ရောဂါရှာဖွေမှုနှင့် ကုသမှုလုပ်ငန်းများအတွက် ပုဂ္ဂလိက ဓာတ်ခွဲခန်းနှင့် ဆေးရုံများကို ခွင့်ပြုပေးနေ

COVID-19 ရောဂါ စစ်ဆေးရန် Swab နမူနာရယူနေမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၀ ရက်(ဆင်ဟွာ)ရေးသားသူ/ဟေမာန်

COVID-19 ရောဂါရှာဖွေမှုနှင့် ကုသမှုလုပ်ငန်းများအတွက် ပုဂ္ဂလိက ဓာတ်ခွဲခန်းနှင့် ဆေးရုံများကို ခွင့်ပြုပေးပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က ယနေ့ ပြောကြားခဲ့သည်။

“ရန်ကုန်က ပန်းလှိုင်ဆေးရုံနဲ့ N Health ဓာတ်ခွဲခန်းကိုတော့ ပြီးခဲ့တဲ့ လေးရက်လောက်က ဝန်ကြီးဌာနက ခွင့်ပြုပေးတာ ။ ရှာဖွေမှုနှင့် ကုသတာက လတ်တလောကတော့ ပန်းလှိုင် တစ်ခုထဲပဲ ရသေးတယ်။ ဒါပေမယ့် ပန်းလှိုင်ဆေးရုံက မစနိုင်သေးဘူး ။ ခွင့်ပြုပေမယ့်လည်း သူက ရောဂါရှာဖွေဖို့ Test Kit တွေ ဝယ်ယူခွင့် ရဖို့တို့ လိုသေးတယ်။ ခွင့်ပြုမိန့် ရပေမယ့်လည်း မစနိုင်သေးဘူး ။”ဟု ၎င်းက ပြောကြားခဲ့သည်။

COVID-19 ရောဂါရှာဖွေမှုနှင့် ကုသမှုလုပ်ငန်းများအတွက် ရန်ကုန်တိုင်းဒေသကြီး၌ အကယ်ဒမီ ဆေးရုံ ၊ SSC ဆေးရုံ နဲ့ မြောက်ဥက္ကလာပရွှေလမင်း ဆေးရုံတို့လည်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနသို့ လျှောက်ထားခြင်းများ ရှိကြောင်း ဒေါက်တာထင်ပေါ်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က “COVID-19 ကို စစ်ဆေးရာကစပြီး ကုသရေး အထိ လျှောက်ထားတာ သုံးခုရှိပါတယ်။ တစ်ခုက လှိုင်သာယာမှာရှိတဲ့ ပန်းလှိုင်ဆေးရုံ၊ အလုံမှာရှိတဲ့ အကယ်ဒမီဆေးရုံနဲ့ မြောက်ဒဂုံမှာရှိတဲ့ Dagon Medical Hospital ရှိပါတယ်။ အဲဒီသုံးခုက လျှောက်ထားလာတာ ရှိပါတယ်။ Dagon Medical Hospital ကတော့ ဆောက်လုပ်ဆဲပါ။ ကြိုတင်ခွင့်ပြုချက်ကတော့ ခွင့်ပြု ထားပြီးပြီ။ ဆောက်လုပ်ပြီးစီးရင်တော့ သွားရောက် စစ်ဆေးပြီးတော့ ညီညွတ်တယ်ဆိုရင် ခွင့်ပြုဖို့လည်း ရှိပါတယ်။ အကယ်ဒမီဆေးရုံနဲ့ ပန်းလှိုင်ဆေးရုံတွေအနက် ပန်းလှိုင်ဆေးရုံကို ဆောင်ရွက်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ပန်းလှိုင်ဆေးရုံက ကုသခွင့်လည်းရပါပြီ။ နောက်တစ်ခုက Antigen (RTD) Test Kit နဲ့ စစ်ဆေးတာ RT-PCR နဲ့ စစ်ဆေးတာ ဒါတွေနဲ့ပတ်သက်ပြီး ပန်းလှိုင်ဆေးရုံက တင်ပြထားတာကတော့ Antigen (RTD)Test Kit နဲ့ စစ်ဆေးခွင့်တင်ပြထားတာရှိတယ်။ ခွင့်ပြုလိုက်ပါပြီ။ လမ်းမတော်မှာ N Health ဓာတ်ခွဲခန်းရှိတယ်။ အဲဒီမှာလည်း စစ်ဆေးတာ RT-PCR နဲ့ စစ်ဆေးခွင့်ပြုထားပြီး ဖြစ်ပါတယ်။”ဟု ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်း ပြောကြားခဲ့သည်။မြန်မာနိုင်ငံ၌ ဒီဇင်ဘာ ၁၉ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၁၁၅,၁၈၇ ဦး ရှိပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူပေါင်း ၉၄,၁၁၈ ဦး နှင့် သေဆုံးသူ ၂,၄၂၄ ဦး အသီးသီးရှိကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.