Connect with us

Politics, Law & Military

ကလေး အလုပ်သမား ပပျောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ် ၅ ခုကို ဦးစားပေး စီမံကိန်းနယ်မြေများ အဖြစ် သတ်မှတ် ဆောင်ရွက်နေ

မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်း ကော်မတီ၏ တတိယအကြိမ် အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)

ကလေးအလုပ်သမား ပပျောက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့ကို ဦးစားပေးစီမံကိန်းနယ်မြေများအဖြစ် သတ်မှတ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာ လုပ်ငန်း ကော်မတီ၏ တတိယအကြိမ် အစည်း အဝေးမှ သိရသည်။

ယင်းအစည်းအဝေးကို အောက်တိုဘာ ၁ ရက်တွင် ကျင်းပခဲ့ရာ ဥပဒေရေးရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်က ထိုကဲ့သို့ ပြောကြားခဲ့ပြီး ဥပဒေရေးရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းစဉ် ၁၁ ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ကလေးအလုပ်သမား ပပျောက်ရေးသည် မိမိတို့နိုင်ငံ၏ အမျိုးသားရေးတာဝန်တစ်ရပ် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ကလေး အလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသား ကော်မတီ နှင့် လုပ်ငန်းကော်မတီ ၈ ရပ် ဖွဲ့စည်း ထားကြောင်း၊ ဥပဒေရေးရာ လုပ်ငန်း ကော်မတီသည် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေး အတွက် ဥပဒေပိုင်းဆိုင်ရာ ပြည့်စုံ ကောင်းမွန်စေရန် အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ကလေးအလုပ် သမားနှင့် သက်ဆိုင်သည့်ဥပဒေများ၏ အားနည်းချက်၊ အားသာချက်များကို သက်ဆိုင်ရာ ဌာနများက လေ့လာ၍ ဥပဒေရေးရာ သုံးသပ်ချက်များ ပြုစုလျက်ရှိကြောင်း ၊ ပေးပို့လာသည့် ဥပဒေရေးရာ သုံးသပ်တင်ပြချက် များကို စုစည်းပြီး ကလေး အလုပ်သမားနှင့် စပ်လျဉ်းသည့် တည်ဆဲ ဥပဒေများကို ပြင်ဆင်ရန်နှင့် အသစ်ပြဋ္ဌာန်းရန် လိုအပ်ခြင်း ရှိ-မရှိ ကို လေ့လာသုံးသပ်၍ အမျိုးသားကော်မတီသို့ လိုအပ်ပါက တင်ပြ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။(Xinhua)