Connect with us

Culture

၂၀၂၄ ခုနှစ် ရွှေနဂါး တရုတ်နှစ်သစ်ကူးပွဲတော်သို့ မြန်မာနိုင်ငံတော်အကြီးအကဲတက်ရောက်

၂၀၂၄ ခုနှစ် ရွှေနဂါး တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ရန်ကုန်၊ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံအစိုးရ အဆင့်မြင့်အရာရှိများနှင့်အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံ တရုတ်နွယ်ဖွားများ (၂၀၂၄) ခုနှစ် ရွှေနဂါး တရုတ်နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။မြန်မာနိုင်ငံတော်အကြီးအကဲက (၂)နှစ်ဆက်တိုက် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများနှင့်အတူ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ကို ဆင်နွှဲခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် သံရုံးမှသံတမန်များ၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်း၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း၊ မြန်မာ-တရုတ်ဗုဒ္ဓဘာသာ ချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်း (CECCM) စသည့်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ တရုတ်နွယ်ဖွားများ စသဖြင့် နယ်ပယ်အသီးသီးမှ လူ ၅၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူးနွေဦးအခါသမယတွင် ရန်ကုန်မြို့၌ နွေဦးလေပြေသည် သာယာနွေးထွေးလျက်ရှိသည်။ တရုတ်နိုင်ငံအကူအညီဖြင့် အဆင့်မြှင့်တင်ပြုပြင်မွမ်းမံထားသော ရန်ကုန်သုဝဏ္ဏအားကစားရုံတွင် စည်ကားသိုက်မြိုက်စွာဖြင့် အရပ်ရှစ်မျက်နှာမှဧည့်သည်တော်များကို ကြိုဆိုလျက်ရှိသည်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သံအမတ်ကြီး Mr. Chen Hai တို့က အတူစက်ခလုပ်နှိပ်၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။တရုတ်ရိုးရာနဂါးအကအဖွဲ့များ၊ ယဉ်ကျေးမှုပြခန်းများဖြင့် တရုတ်နှစ်သစ်ကူးပွဲတော်ကိုကျင်းပခဲ့ရာ ဧည့်သည်တော်များက တရုတ်ရိုးရာယဉ်ကျေးမှုများကို အတူတကွထိတွေ့ခံစားရင်း အပြန်အလှန် ဆုမွန်ကောင်းတောင်းစကားများ ချီးမြှင့်ခဲ့ကြသည်။

ထို့ပြင် အခမ်းအနား၌ တရုတ်-မြန်မာချစ်ကြည်ရေးအထိမ်းအမှတ် စားပွဲတင်တင်းနစ်ပြိုင်ပွဲလည်း ကျင်းပခဲ့ရာ တရုတ်သံရုံးမှ သံတမန်များအဖွဲ့နှင့် မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်အဖွဲ့တို့က ယှဉ်ပြိုင်ကစားခဲ့ကြသည်။ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော် ညစာစားပွဲအခမ်းအနား၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားများ၊ တရုတ်ပြည်သူများနှင့် တစ်ကမ္ဘာလုံးရှိ တရုတ်နွယ်ဖွားများအား နှစ်သစ်ဆုမွန်ကောင်းတောင်းစကား ပြောကြားခဲ့ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ်သည် သမိုင်းကြောင်း ကြာရှည်ကြောင်း၊ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်သည့် “ရွှေလမ်းငွေလမ်း” ကြီးသည် ပိုမိုကျယ်ပြန့်လာကြောင်း၊ တရုတ်နိုင်ငံက ကာလကြာရှည်စွာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံအရေးကိစ္စ၌ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ တက်တက်ကြွကြွပါဝင်ခြင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအား ပံ့ပိုးကူညီပေးခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အမြဲတစေကျင့်သုံး၍ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံကို ထောက်ခံအားပေးကြောင်း၊ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်းသွားလိုကာ တရုတ်နိုင်ငံနှင့်အတူ စီးပွားရေးနှင့်ကုန်သွယ်ရေး၊ လူမှုယဉ်ကျေးမှု၊ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဆောင်ရွက်သွားလိုပြီး အတူလက်တွဲ၍ မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွတည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး Mr. Chen Hai ကအမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံအစိုးရနှင့် နယ်ပယ်အသီးသီးမှလူပုဂ္ဂိုလ်များက တရုတ်-မြန်မာဆက်ဆံရေးနှင့် မြန်မာနိုင်ငံ တရုတ်နွယ်ဖွားလောကအပေါ် အလေးထားဂရုပြုမှုကို ကျေးဇူးတင်ရှိကြောင်း၊ လွန်ခဲ့သည့်တစ်နှစ်သည် တရုတ်ပြည်သူများ ဆက်လက်ကြိုးပမ်းခြင်း၊ တရုတ်-မြန်မာဆက်ဆံရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ခြင်း၊ မြန်မာနိုင်ငံတရုတ်နွယ်ဖွားလောက တစ်စိတ်တည်း တစ်ဝမ်းတည်းစုစည်းခြင်း ဟူသော နှစ်တစ်နှစ်ဖြစ်ကြောင်း၊ နှစ်သစ်တွင် တရုတ်နိုင်ငံသည် ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဟူသော အိမ်နီးချင်းသံတမန်ဆက်ဆံရေးမူဝါဒကိုအရင်းခံ၍ မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုလျှောက်လှမ်းခြင်းအား ဆက်လက်ထောက်ခံကာ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်ပယ်အသီးသီးကလည်း ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်း အတူတကွတည်ဆောက်ရန်အတွက် အကျိုးထမ်းဆောင်မှုအသစ်များ လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် တရုတ်နိုင်ငံ ချုံချင့်၊ ယူနန်ပြည်နယ် တယ်ဟုန်၊ ထိန်ချုံးမှ အနုပညာအဖွဲ့နှင့် မြန်မာနိုင်ငံ ယဉ်ကျေးမှုအနုပညာလောကမှပုဂ္ဂိုလ်များက အတူတကွ အဆိုအက၊ ဝူရှုး၊ တရုတ်စီချွမ်အော်ပရာပြဇာတ် မျက်နှာပြောင်းအက စသည့် စိတ်ဝင်စားဖွယ် အစီအစဉ်များဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့သည်။ အခမ်းအနားကို တက်ရောက်လာကြသော ဧည့်သည်တော်များက “ပန်းတိုင်းပွင့်ပါစေ” ဟူသောသီချင်း စုပေါင်းသီဆိုခဲ့ကြရင်း ကျင်းပပြီးစီးခဲ့သည်။ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များကလည်း တရုတ်-မြန်မာနှစ်နိုင်ငံ တည်ငြိမ်အေးချမ်း၍ ပြည်သူများ သာယာချမ်းမြေ့ပါစေ၊ တရုတ်-မြန်မာချစ်ကြည်ရေးအဓွန့်ရှည်ပါစေဟု ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါသည်။ (Reposted from Xinhua)