Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ ရေဘေးပြန်လည်ထူထောင်ရေးအတွက် အလှူငွေများ လက်ခံရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ရေဘေးကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အစိုးရအနေဖြင့် ငွေကျပ် ဘီလီယံ ၃၀ သုံးစွဲမည် ဖြစ်ကြောင်း နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။နေပြည်တော်၊ မြို့တော်ခန်းမ၌ စက်တင်ဘာ ၂၁ ရက်တွင် ကျင်းပပြုလုပ်သည့် ရေဘေးဒဏ်သင့် ခဲ့ရသည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စေတနာရှင်၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားသည်။

အဆိုပါ အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် စုစုပေါင်းအလှူငွေ ငွေကျပ်သန်းပေါင်း ၃၂၂၃၀ (ငွေကျပ် ၃၂ ဒသမ ၂ ဘီလီယံ) ကျော်ကို လက်ခံရရှိခဲ့ပြီး ယခုလှူဒါန်းသည့် စေတနာရှင်၊ အလှူရှင်များ၏ အလှူငွေများဖြင့်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အလှူရှင်များ၏ လှူဒါန်းမှုများသည် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာအထောက်အကူ ဖြစ်ပါကြောင်း၊ အလှူရှင်များအား ကျေးဇူးတင်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်း ရာဂီနှင့် ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းငယ်အရှိန်ကြောင့် မကြာသေးမီက ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီး စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းအထိ လူ ၃၈၄ ဦး သေဆုံးပြီး ၈၉ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ (Reposted from Xinhua)