Connect with us

Sino-Myanmar

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပသည့် တရုတ်ဘာသာစကား ရွတ်ဆိုပြိုင်ပွဲတွင် ကလေးငယ်များ ထူးချွန်သည့် အရည်အချင်းများ ပြသ

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့သော တရုတ်ဘာသာစကား ရွတ်ဆိုခြင်းပြိုင်ပွဲ၌ ကျောင်းသားတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်နေမှုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် နိုဝင်ဘာလ ၂၆ ရက်က ကျင်းပသည့် နဝမအကြိမ်မြောက် တရုတ်ဘာသာစကား ရွတ်ဆိုပြိုင်နောက်ဆုံးအဆင့်ပွဲစဉ်၌ ကလေးငယ်များက စုဝေးကာ စင်မြင့်ထက်တွင် ၎င်းတို့၏ ဘာသာစကားကျွမ်းကျင်မှုကို ယုံကြည်စွာ ထုတ်ဖော်ပြသခဲ့ကြသည်။
မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ၏ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ကိုးက အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားရာ၌ တရုတ်ဘာသာဘာသာစကား ရွတ်ဆိုခြင်းသည် စိတ်ချင်းဆက်သွယ်ပေးသည့် တံတားတစ်စင်းဖြစ်ပြီး ယဉ်ကျေးမှုသည် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစေသည့် နှောင်ဖွဲ့မှုတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်ဘာသာစကား ရွတ်ဆိုခြင်းသည် ဘာသာစကားဆိုင်ရာ အနုပညာဖော်ပြချက်တစ်ခုသာမကဘဲ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းပေးသည့် နည်းလမ်းတစ်ခုလည်း ဖြစ်ကြောင်း၊ ရွတ်ဆိုခြင်းအားဖြင့် ကလေးငယ်များသည် တရုတ်ဘာသာစကား၏ အလှတရား၊ အသံနေအသံထား၏ အလှတရားနှင့် ခံစားမှုရသများ၏ အလှတရားတို့ကို ခံစားနိုင်ရုံသာမက တရုတ်ယဉ်ကျေးမှု၏ နက်ရှိုင်းသည့် အနှစ်သာရများကိုပါ နားလည်သဘောပေါက်လာပြီး ဘာသာစကားစွမ်းရည် တိုးတက်စေခြင်း၊ ယဉ်ကျေးမှုကို တန်ဖိုးထားတတ်စေခြင်းနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသည့် စိတ်ဓာတ်များကိုလည်း ပြုစုပျိုးထောင် ပေးနိုင်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။
Bowen တရုတ်ဘာသာစကားသင်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမြင့်က ယခုနှစ်သည် ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ပါဝင်ယှဉ်ပြိုင်သည့် ကလေးငယ် အရေအတွက် ပိုမိုများပြားလာပြီး ၎င်းတို့သည် စင်မြင့်ထက်တွင် ပိုမိုတိုးတက်လာသော အရည်အချင်း၊ အတွေ့အကြုံနှင့် ယုံကြည်မှုများကို ပြသနိုင်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။

“ဒီပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နွယ်ဖွား ကလေးငယ်တွေအတွက်သာမက တရုတ်ဘာသာစကားကို လေ့လာသင်ယူနေကြတဲ့ မြန်မာကလေးငယ်တွေအတွက်လည်း ရည်ရွယ်ထားပါတယ်။ ကလေးငယ်တွေက နှစ်စဉ်နှစ်တိုင်း ပိုပိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာကြသလို အရည်အချင်းတွေလည်း ပိုတော်လာကြတာကို ကျွန်မ မြင်တွေ့နေရပါတယ်” ဟု ဒေါ်ချိုချိုမြင့်က ပြောသည်။
“ဒီအစီအစဉ်ဟာ တရုတ်-မြန်မာ ချစ်ကြည်ရေးနဲ့ ယဉ်ကျေးမှုဖလှယ်ရေးကို ပိုမိုခိုင်မာစေတဲ့အတွက် နောင်အနာဂတ်မှာလည်း ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်” လို့ ၎င်းက ဖြည့်စွက်ပြောကြားသည်။
ပါဝင်ယှဉ်ပြိုင်သူများကလည်း ၎င်းတို့၏ အတွေ့အကြုံများကို ပြန်လည်မျှဝေခဲ့ကြသည်။

အသက် (၁၄) နှစ်အရွယ်ရှိ မဖြူစင်သက်မိုးက “ဒီအကြိမ်က ကျွန်မအတွက် တတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။ ပထမတစ်ခေါက်တုန်းက ကျွန်မ ဘာဆုမှ မရခဲ့ပေမဲ့ အတွေ့အကြုံတွေ ရခဲ့ပါတယ်။ ဒုတိယတစ်ခေါက်မှာတော့ သေချာပြင်ဆင်ခဲ့လို့ ပထမဆု ရခဲ့ပါတယ်။ အခုတစ်ခေါက် ထပ်ပြီးပါဝင်ဖြစ်တာကတော့ ကျွန်မရဲ့ အရည်အချင်းတွေကို ဆက်ပြီး ထိန်းသိမ်းထားချင်လို့ပါ” ဟု ပြောသည်။
“ကျွန်မ အရမ်းပျော်ပြီး ဂုဏ်လည်းယူမိပါတယ်။ လူတိုင်းကိုလည် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကြဖို့နဲ့ ဆက်လက်ကြိုးစားသွားကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
တတိယဆု ရရှိခဲ့သည့် အသက် (၁၅) နှစ်အရွယ် မမေသင်းလွင်ဦးက ၎င်း၏ အောင်မြင်မှုအတွက် ဝမ်းသာပီတိဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ပြိုင်ပွဲဝင်တွေ အများကြီးရှိသလို၊ သူတို့တွေကလည်း အရမ်းကို အရည်အချင်းရှိကြတာကြောင့် စိန်ခေါ်မှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်မ အတော်လေး ဖိအားဖြစ်ခဲ့ရပါတယ်။ ကျွန်မ တရုတ်ယဉ်ကျေးမှုအကြောင်း ပိုပြီးသိရှိလာခဲ့သလို ကျွန်မရဲ့ အသံထွက်နဲ့ စကားပြောစွမ်းရည်တွေလည်း ပိုပြီးတိုးတက်လာခဲ့ပါတယ်” ဟု မမေသင်းလွင်က ပြောသည်။

ယင်းပြိုင်ပွဲသို့ မြန်မာနိုင်ငံတစ်ဝန်းရှိ တရုတ်ဘာသာစကားသင်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၁,၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့အနက် ၅၅ ဦးမှာ နောက်ဆုံးအဆင့်ပွဲစဉ်သို့ တက်ရောက်နိုင်ခဲ့ကြသည်။ နောက်ဆုံးအဆင့်သို့ တက်ရောက်လာသူများအား ပထမ၊ ဒုတိယ၊ တတိယဆုများ၊ ထူးချွန်ဆုများနှင့် အခြားဆုများကိုလည်း ချီးမြှင့်ခဲ့ကြောင်း Bowen တရုတ်ဘာသာစကားသင်တန်းကျောင်းမှ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.