Politics, Law & Military
မြန်မာ့ ပင်လယ်ပြင်တွင် ဆီ ၊ ရေနံယို ဖိတ်မှု ဖြစ်ပွားပါက လုံလောက်သော လျော်ကြေး ရရှိစေမည့် IMO မှ ပြဌာန်းသည့် သဘောတူ စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ရေး သဝဏ်လွှာ ပေးပို့
နေပြည်တော် ၊ မေ ၁၃ ရက် (ဆင်ဟွာ)
မြန်မာ့ ပင်လယ်ပြင်တွင် ရေနံတင် သင်္ဘောများ ဆီ ၊ ရေနံယိုဖိတ်မှု ဖြစ်ပွားပါက ထိခိုက် နစ်နာသူများ ၊ ဆုံးရှုံးမှုများအား လုံလောက်သော လျော်ကြေး ရရှိစေရန် အာမခံချက်များနှင့် ရပိုင်ခွင့် အပြည့်အဝ ရရှိစေနိုင်မည့် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) မှ ပြဌာန်းသည့် သဘောတူ စာချုပ်တွင် ပါဝင် လက်မှတ် ရေးထိုးနိုင်ရေး အတွက် နိုင်ငံတော် သမ္မတမှ ပြည်ထောင်စု လွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ထားကြောင်း ယနေ့မေလ ၁၃ ရက် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခဲ့သည်။
နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ၁၉၆၉ ခုနှစ် ဆီ ၊ ရေနံ ယိုဖိတ်မှုကြောင့် ပင်လယ်ပြင် ညစ်ညမ်းမှု ဖြစ်စဉ်များမှ တဆင့် ထိခိုက် နစ်နာသူများနှင့် ဆုံးရှုံးမှုများကို လျော်ကြေး ရရှိရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်ရှင်းအား ပြင်ဆင်သည့် ၁၉၉၂ ခုနှစ် နောက်ဆက်တွဲ သဘောတူ စာချုပ်အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်မှ ပါဝင် လက်မှတ် ရေးထိုးနိုင်ရန် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရယူနိုင်ရေး အတွက် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်ဇင်မောင်က လွှတ်တော်သို့ရှင်းလင်း တင်ပြခဲ့သည်။
မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) အဖွဲ့ဝင် ဖြစ်သည်နှင့် အညီ IMO မှ ပြဌာန်းသည့် ကွန်ဗင်ရှင်းများကို လက်မှတ် ရေးထိုးခြင်းအားဖြင့် အပြည်ပြည်ဆိုင်ရာ စံချိန် စံညွှန်းများနှင့် အညီ ပူးပေါင်း ဆောင်ရွက်မှုအား ပေါ်လွင် ထင်ရှားစေရန် ဖြစ်ပြီး မြန်မာ့ ပင်လယ်ပြင်တွင် ရေနံတင် သင်္ဘောများကြောင့် ဖြစ်ပေါ်လာသည့် ဆီ ၊ ရေနံ ယိုဖိတ်မှုများ နှင့် ပတ်သက်ပြီး လုံလောက်သည့် နစ်နာကြေးများ သတ်မှတ်ရန် ၊ တာဝန်ရှိမှုများကို ဆုံးဖြတ်ရန် ၊ အပြည်ပြည်ဆိုင်ရာ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်းများကို အဖွဲ့ဝင် နိုင်ငံများ နည်းတူ တစ်ပြေးညီ ချမှတ်နိုင်ရန် အထောက်အကူ ပြုရန် လက်မှတ ်ရေးထိုးရန် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးသန့်ဇင်မောင်က ပြောကြားခဲ့သည်။
ထိုသို့လက်မှတ် ရေးထိုးခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများမှာ မြန်မာ့ ပင်လယ်ပြင်တွင် ရေနံတင် သင်္ဘောများ ဆီ ၊ ရေနံ ယိုဖိတ်မှု ဖြစ်ပွားပါက ထိခိုက်နစ်နာသူများ ၊ ဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ လုံလောက်သော လျော်ကြေး ရရှိစေရန် အာမခံချက်များနှင့် ရပိုင်ခွင့် အပြည့်အ၀ ရရှိစေနိုင်မည် ဖြစ်သည့် အပြင် စာချုပ်ဝင်နိုင်ငံ မဟုတ်သည့် နိုင်ငံများမှ သဘောၤများ မိမိတို့နိုင်ငံ၏ ရေပြင်တွင် ဆီယိုဖိတ်ပါက စာချုပ်ဝင်နိုင်ငံ မဟုတ်သော်လည်း ထိုသင်္ဘောများအား အရေးယူ ဆောင်ရွက်နိုင်ရန် ကွန်ဗင်ရှင်းတွင် လုံလောက်သည့် လျော်ကြေး ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
ယခု သဘောတူ စာချုပ်အား အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) အဖွဲ့ဝင် နိုင်ငံ ၁၃၄ နိုင်ငံသည် သဘောတူ လက်မှတ် ရေးထိုးထားပြီး အာဆီယံ နိုင်ငံများ ဖြစ်သည့် ဘရူနိုင်း ၊ ကမ္ဘောဒီးယား ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ စင်ကာပူ ၊ ဗီယက်နမ် စသည့် ၇ နိုင်ငံမှ လက်မှတ် ရေးထိုးထားပြီး အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် အိန္ဒိယ နှင့် တရုတ် နိုင်ငံတို့လည်း လက်မှတ် ရေးထိုးပြီး ဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိက ဆွေးနွေးခြင်း ၊ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းခြင်း ၊ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းများအား မေလ ၁၇ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။(Xinhua)