Connect with us

Media

ထမံသီဘေးမဲ့တောတွင် ရှားပါးဘင်္ဂလားကျားများကို ထိန်းသိမ်းလျက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် အတည်ပြု သတ်မှတ်ထားသည့် ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ရှားပါးဘင်္ဂလားကျားများကို ထိန်းသိမ်းလျက်ရှိပြီး ယင်းသို့ထိန်းသိမ်းထားရှိသည့်အတွက် ကင်မရာမှတ်တမ်းများအရ ကျားကောင်ရေများ တိုးပွားလာသည်ကိုတွေ့ရှိရကြောင်း ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ ဦးစီးအရာရှိ ဦးဝင်းလှိုင်က ဆင်ဟွာသို့ ယနေ့ စက်တင်ဘာ ၅ ရက်၌ပြောသည်။

အဆိုပါ ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်း တည်ရှိကြောင်း သိရသည်။
ဦးဝင်းလှိုင်က “၂၀၁၉ ခုနှစ်တုန်းက ကင်မရာထောင်ခြောက် တပ်ဆင်တော့ အဲဒီမှာ ကျား အမေကြီးတစ်ကောင် အနောက်မှာ ကျားကလေးလေး နှစ်ကောင်တွေ့ရပါတယ်။ တစ်ချို့နေရာမှာတော့ ကျားအမေကြီးခြေရာ နဲ့ သူ့နောက်က ကျားပေါက်စလေးတွေ ခြေရာတွေ့တော့ ကျားကောင်ရေတိုးလာတယ်လို့ အထောက်အထားတွေအရ သိရပါတယ်” ဟု ပြောသည်။

အဆိုပါ ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ၈၃၀.၄ စတုရန်းမိုင် (၅၃၁,၄၅၆ ဧက) ကျယ်ဝန်းပြီး ၁၉၇၄ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်က စတင်ပြီး ဟုမ္မလင်းမြို့၌ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံး ဖွင့်လှစ်၍ ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၈ ရက်က ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် အတည်ပြုသတ်မှတ်ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ဦးဝင်းလှိုင်က “ အရင်ကတော့ မြန်မာနိုင်ငံရဲ့ တောတော်တော်များများမှာ ကျားရှိပါတယ်။ အခုကတော့ မြန်မာနိုင်ငံမှာ မြောက်ဖျားမှာ ဘင်္ဂလားကျား၊ မြန်မာနိုင်ငံတောင်ဖျားမှာ အင်ဒိုချိုင်းနားကျားတွေ ရှိတယ်ဆိုပြီး မှတ်တမ်းတွေအရ သိရပါတယ်”ဟု ပြောသည်။
ယမန်နှစ်က ထမံသီဘေးမဲ့တောတွင် ကင်မရာများတပ်ဆင်ခဲ့ရာ ကင်မရာမှတ်တမ်းများအရ ကျားများသွားလာမှု ပုံရိပ်များကို ရရှိခဲ့ကြောင်း ၎င်းကဆိုသည်။

“ထမံသီမှာ ကျားပညာရှင်တွေရဲ့ လေ့လာခန့်မှန်းချက်အရ ကျားကောင်ရေ ၁၅ ကောင်ကနေ အကောင် ၂၀ ကြား ရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ကျားတစ်ကောင်ရဲ့ ကျက်စားနယ်မြေကို သတ်မှတ်တဲ့အခါမှာ သူ့အတွက် လုံခြုံစိတ်ချမှု ရှိပြီး၊ အစာရေစာရှိရင် ကျားတစ်ကောင်ကို ကီလိုမီတာ ၂၅၀ ကနေ ၃၀၀ အတွင်းမှာပဲ ကျက်စားလေ့ရှိပါတယ်။ ကျွန်တော်တို့ ဌာနအနေနဲ့ အဓိက ကတော့ ကျားတွေကျက်စားတဲ့ဧရိယာတွေ ဆုံးရှုံးမသွားဖို့၊ ထောင်ချက်တွေ မတပ်ဆင်ဖို့၊ မုဆိုးတွေ မလိုက်ဖို့ စသဖြင့် ထိန်းသိမ်းကာကွယ်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ကျားတစ်ကောင်၏ သက်တမ်းမှာ ၁၀ နှစ်မှ ၁၅ နှစ်အထိ ရှင်သန်နိုင်ကြောင်း၊ လက်ရှိတွင် ပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကျားများကို တစ်ကမ္ဘာလုံးတွင် ၁၃ နိုင်ငံ ၌ သာတွေ့ရှိရတော့ကြောင်း ၎င်းကဆိုသည်။ ကျားမျိုးများ လျော့နည်း လာရခြင်းမှာ ကျားနေထိုင်ရန် သစ်တောများပြုန်းတီးလာခြင်း၊ ရာသီဥတု အခြေအနေနှင့် အမဲလိုက်ခံရခြင်းများကြောင့်ဖြစ်ကြောင်း သိရသည်။ (Xinhua)