Connect with us

Videos

တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် JMC သို့ အမေရိကန် ဒေါ်လာ ၃ သိန်း ထပ်မံ လှူဒါန်း

ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံအမတ်ကြီး မစ္စတာ ဆွန်းကော်ရှန် (Mr.Sun Guoxiang) ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ သည် နိုဝင်ဘာ ၁၀ ရက် မွန်းလွဲပိုင်း က ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) ထံသို့ အမေရိကန် ဒေါ်လာ ၃ သိန်း ထပ်မံ ပေးအပ် လှူဒါန်း ခဲ့သည်။

တရုတ် နိုင်ငံ အစိုးရ မှ JMC သို့ ငြိမ်းချမ်းရေး ရန်ပုံငွေ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို အာရှရေးရာ အထူးသံအမတ်ကြီး မစ္စတာ ဆွန်းကော်ရှန် နှင့် အတူ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး မစ္စတာ ရန်ဆုံကျိန်း (Mr.Yang Shouzheng) နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ၊ JMC-U အတွင်းရေးမှူး(၁) ဒေါက်တာ ရွှေခါးရ် ၊ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ဝဏ္ဏအောင် နှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် တို့က တက်ရောက် ခဲ့ကြသည်။

JMC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် က အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် တရုတ် နိုင်ငံ အစိုးရသည် မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ထောက်ပံ့ငွေ များ လှူဒါန်း ပေးသည့် အတွက် များစွာ ကျေးဇူးတင်ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် JMC ၏ လုပ်ငန်း ဆောင်ရွက်မှု အတွက် လိုအပ်သည့် နည်းပညာ နှင့် ရန်ပုံငွေ များ အား များစွာ ကူညီထောက်ပံ့ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှုများ က JMC ၏ လုပ်ငန်း ဆောင်ရွက်မှု အတွက် များစွာ အထောက်အကူဖြစ်စေခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် တရုတ် နိုင်ငံ မှ ငွေအား ၊ လူအား ၊ နည်းပညာ အား နှင့် ပစ္စည်းအား တို့ဖြင့် ကူညီဆောင်ရွက်မှု ပြုလုပ်ပေး ခဲ့သည့် အတွက် JMC ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။ အာရှရေးရာ အထူးသံအမတ်ကြီး မစ္စတာ ဆွန်းကော်ရှန် က တရုတ်-မြန်မာ နှစ်နိုင်ငံ သည် အိမ်နီးချင်း မိတ်ဆွေ နိုင်ငံ များ ဖြစ်ကြပြီး ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး တည်ရှိကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ၌ တည်ငြိမ်အေးချမ်းသည့် ပတ်ဝန်းကျင် တည်ရှိပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လိုလားကြောင်း ၊ တရုတ် နိုင်ငံ က ကာလတစ်လျှောက် မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် တက်ကြွစွာ ထောက်ခံအားပေးခဲ့ပြီး နိုင်ငံရေး အရ ကူညီမှုများ အပြင် တတ်နိုင်သမျှ ကူညီထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ရှေ့ဆက်၍လည်း ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.