Connect with us

Local

COVID-19 ကာလတွင် လက်ဖက်ခြောက်အကြမ်းခြောက်ထုတ်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်းဆို

လက်ဖက်ခင်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 ကာလတွင် လက်ဖက်ရည်ဆိုင်များပိတ်ခြင်းအပါအဝင် အခြားအကြောင်းများကြောင့် လက်ဖက်ခြောက်အကြမ်းခြောက်ထုတ်လုပ်မှုမှာ ၇၀ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံလက်ဖက်လုပ်ငန်းရှင်များ အသင်းမှ နာယက ဦးကျော်သီဟ က ဆင်ဟွာသို့ နိုဝင်ဘာ ၁၄ ရက်တွင်ပြောသည်။

“လက်ဖက်ရည်ဆိုင်တွေကပါဆယ်စနစ်နဲ့ရောင်းတော့ ဆိုင်ထိုင်ရင်းနဲ့ ရေနွေးကြမ်းသောက်ကြတာဆိုတော့ လက်ဖက်ခြောက် အကြမ်းခြောက်က ရောင်းအား ၇၀ ရာခိုင်နှုန်းလောက်ကျသွားတယ်။ လုပ်ငန်းရှင်တွေလည်း ဝန်ထမ်းလျှော့တာ၊ စက်ရုံယာယီပိတ်ရတာတွေရှိလာတယ်။ အခုဒုတိယလှိုင်းမှာ ပိုပြီးအေးစက်သွားတယ်။ တခြားလက်လီဆိုင်တို့၊ ဈေးတို့၊ စူပါမားကက်တွေမှာလည်း အရောင်းကျသွားတယ်။’’ ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် အမျိုးသားအများစုမှာ လက်ဖက်ရည်ဆိုင်ထိုင်သည့် အလေ့အထရှိကြောင်း၊ လက်ဖက်ရည်ဆိုင်များမှ လက်ဖက်ခြောက်အား အဓိက ဝယ်ယူမှုရှိကြောင်း၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စားခွင့် ပိတ်သည့် အချိန်တွင် လက်ဖက်ခြောက်ဝယ်လိုအား မှာ သိသာစွာကျဆင်း ခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။၂၀၂၀ပြည့်နှစ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် လက်ဖက်ထွက်ရှိနှုန်း ၃၀ ရာခိုင်နှုန်းကျဆင်းသွားသော်လည်း လုပ်ငန်းများဘက်မှ ဝယ်လိုအားကျဆင်းသောကြောင့် လက်ဖက်ပွဲရုံများတွင်လည်း လက်ဖက်များပုံလျက်ရှိကြောင်း သိရသည်။

“မိုးရာသီမှာ ခါးကန့်လက်ဖက်ခူးဆွတ်ရတာပေ့ါ။ ရာသီဥတုကြောင့် ထွက်နှုန်း ၃၀ ရာခိုင်နှုန်းကျတယ်။ ဒါပေမယ့်လုပ်ငန်းရှင်တွေက မဝယ်နိုင်တော့ တောင်သူတွေမှာလည်း အထွက်နှုန်းကျတာတောင် လက်ဖက်တွေ ပုံနေတယ်’’ ဟုဦးကျော်သီဟက ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် လက်ဖက်အားရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် အဓိကစိုက်ပျိုးကြကြောင်း သိရသည်။ လက်ရှိတွင် တစ်ပိဿာဈေးအနေဖြင့်နေလှန်းခြောက်သည် ကျပ် ၅,၀၀၀နှင့် လက်ဖက်စိမ်း (Green Tea) သည် ကျပ်၁၀,၀၀၀ ဝန်းကျင် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.