Connect with us

Local

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် တရုတ်နိုင်ငံနှင့် နေ့စဉ် ပို့ကုန်၊သွင်းကုန် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၈သန်း နှင့် ၉ သန်းဝန်းကျင်တွင် ရှိနေ

-- မူဆယ် ကုန်သွယ်ရေးဇုန် အားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် တရုတ်နိုင်ငံနှင့် နေ့စဉ် ပို့ကုန်၊သွင်းကုန် ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၈သန်း နှင့် ၉ သန်းဝန်းကျင်တွင် ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆင်ဟွာသို့ နိုဝင်ဘာ ၁၈ ရက်တွင်ပြောသည်။

“ပို့ကုန်ရော၊ သွင်းကုန်ရောပေါင်းပြီး အမေရိကန်ဒေါ်လာ ၈သန်းနဲ့ ၉ သန်းကြားကုန်သွယ်မှုလုပ်နိုင်တယ်။ COVID-19 ရောဂါ မဖြစ်ပွားခင်က အမေရိကန်ဒေါ်လာ ၁၃ သန်းကနေ ၁၅ သန်း ကြား ကုန်သွယ်မှုလုပ်နိုင်ခဲ့တယ်။ ကုန်သွယ်မှုက ဧပြီလနောက်ပိုင်းကစပြီး ကျခဲ့တာပါ’’ ဟု၎င်းကဖြည့်စွက်ပြောကြားသည်။

လက်ရှိတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံဘက်သို့ ဆန်၊ဆန်ကွဲ၊ ပဲမျိုးစုံ၊ ကြက်သွန်၊ ရေထွက်ကုန်နှင့် သစ်သီးကားများတင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းမျိုးစုံ ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ COVID-19 မတိုင်ခင်က ကုန်တင်ကား ၅၀၀ ဝန်းကျင်ဝင်ရောက်ခဲ့ရာမှ လက်ရှိကာလတွင် ကုန်တင်ကား အစီး ၂၀၀ ဝန်းကျင် ကုန်သွယ်မှုပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ နှစ်နိုင်ငံအစိုးရအချင်းချင်း အစည်းအဝေးကိုဒီဇင်ဘာလ မှာလုပ်ဖို့ရှိတယ်။ အဲဒီအစည်းအဝေးကျရင် ကျွန်တော်တို့ အနေနဲ့ နယ်စပ်ကုန်သွယ်ရေး တွေ ပိုမိုမြန်ဆန်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးသွားဖို့ရှိပါတယ်’’ ဟု ဦးတင်ရဲဝင်းက ဆက်ပြောသည်။COVID-19 ကာလတွင် ကုန်သွယ်မှုပမာဏ ၃ပုံ၁ပုံ လျော့ကျခဲ့ကြောင်း၊ ကုန်သွယ်မှုများ ပြန်လည်တိုးတက် ကောင်းမွန်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.