Connect with us

Myanmar

မြန်မာနိုင်ငံတွင် စိတ်ကြွရူးသွပ်ဆေးပြား ၇.၆ သိန်းကျော် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် စိတ်ကြွရူးသွပ်ဆေးပြား ၇.၆ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ စက်တင်ဘာ ၂၂ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ– CCDAC Myanmar)

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် ညနေ ၆ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် သတင်းအရ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်လာသူ ၅ ဦးအား စလွန်းအမျိုးအစား မော်တော်ယာဉ် ၁ စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၉ နာရီအချိန် ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဖမ်းမိတရားခံ သန့်ဇင်ဦး နေထိုင်သည့် နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅.၂ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် သိန်း ၇,၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၇.၂ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အလားတူ မြစ်ကြီးနားမြို့တွင်လည်း စက်တင်ဘာ ၂၁ ရက်က မော်တော် ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်စီးလာသူများထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆,၂၅၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)