Connect with us

Myanmar

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂.၀၄၉ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၄ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူအား သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myammar)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၂.၀၄၉ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၂၅၄ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ၏ စက်တင်ဘာ ၂၄ ရက်နှောင်းပိုင်းတွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာလ ၂၀ ရက်၊ နံနက် ၆ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကျိုင်းတုံမှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသော မြေသယ်ယာဉ်တစ်စီးအား သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၂.၀၄၉ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၂၅၄ ကီလိုဂရမ်နှင့် ကက်တမင်း ၂ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိသော စိတ်ပြောင်းဆေးဝါးများအား ကျိုင်းတုံမြို့ မှ တာချီလိတ်မြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အဆိုပါယာဉ်ဖြင့် သယ်ဆောင်လာသူအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)