Connect with us

Politics, Law & Military

၂၀၀၈ ဖွဲ့စည်းပုံပါ (ဇယား-၁)နှင့် (ဇယား-၂) ပြင်ဆင်ရေး ဥပဒေကြမ်းတစ်ရပ် ဇွန်လ၌ လွှတ်တော်ထံ ပေးပို့မည်

ပြည်ထောင်စု လွှတ်တော် ကျင်းပနေပုံ (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ (ဇယား-၁)နှင့် (ဇယား- ၂) ပြင်ဆင်နိုင်ရေးနှင့် ပတ်သတ်သည့် ဥပဒေကြမ်း တစ်ရပ်ကို ဇွန်လအတွင်း လွှတ်တော်သို့ ပေးပို့တင်သွင်းမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဇွန်လ ၂ ရက်နေ့ ရေဒီယို မိန့်ခွန်းတွင်း ထည့်သွင်းပြောကြားသည်။

လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဒေသခံတိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွားကို ဦးတည်သော၊ မျှတမှုလည်းရှိသည့် ဘဏ္ဍာငွေ အခွန်အကောက် ခွဲဝေမှု၊ လုပ်ပိုင်ခွင့် အာဏာ ခွဲဝေမှုများကို (ဇယား-၁) နှင့် (ဇယား-၂) တို့မှာ ပြင်ဆင်နိုင်ရန် ဦးစားပေးညှိနှိုင်း လုပ်ဆောင်နေ ကြောင်း မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသည်။

အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း လက်တွေ့ဆောင်ရွက်မှု များ၊ စမ်းသပ် လုပ်ဆောင်မှုများ၊ တွေ့ဆုံ ဆွေးနွေးမှုများကနေ တစ်ဆင့် ရရှိ လာသည့် အတွေ့အကြုံများ၊ အကြံဉာဏ်များနှင့် အချက်အလက်များကို အခြေခံ ပြီး ဇယား(၁)နှင့် ဇယား(၂) ပြင်ဆင်ရန် ဥပဒေကြမ်း တစ်ရပ်ကို ဇွန်လအတွင်း မှာ လွှတ်တော်ထံ ပေးပို့တင်သွင်း သွားမည် ဖြစ်ကြောင်း သမ္မတက ဆိုသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားသည့် ပြည်ထောင်စု ဥပဒေပြုစာရင်း(ဇယား-၁)နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း(ဇယား-၂)တို့၏ အနှစ်သာရဖြစ်သည့် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများအကြား အာဏာ ခွဲဝေမှုများကို အသက်ဝင်လာဖို့ ကြိုးပမ်းခဲ့ကြောင်း၊ အခြေခံ ဥပဒေပါ ပေးထားချက်များကို အကောင်အထည် ပေါ် အသက်ဝင်ရန် ဖြစ်ပြီး နောက်တစ်ဆင့်တွင် အခြေခံဥပဒေ၏ ပေးထားချက်များကို လိုအပ်သည့် ချိန်ညှိမှုများနှင့် ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ကြောင်း သမ္မတက ဆိုသည်။

မြန်မာနိုင်ငံ အနာဂတ်နိုင်ငံရေးအတွက် အလွန်အရေးကြီး သည့်၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများအဖြစ် အောင်မြင်စွာကျင်းပနိုင်ရန် အတွက် အစိုးရအဖွဲ့ အနေဖြင့် အုပ်ချုပ်ရေးကဏ္ဍနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ရွေးကောက်ပွဲ ကော်မရှင်အပါအဝင် တခြားသက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် အပြည့်အဝ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ မိန့်ခွန်းတွင် ဖော်ပြထားသည်။

လှေစီးဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် လိုအပ်သည့် ဖြေရှင်းဆောင်ရွက် မှုများကို တုံ့ပြန် ဆောင်ရွက်လျက် ရှိကြောင်း၊ ရခိုင် ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လူမှု စီးပွား ဘဝမြှင့်တင်နိုင်ရေး အစီအမံများကို အာရုံစိုက် လုပ်ဆောင်နေကြောင်းလည်း သမ္မတက ရေဒီယို မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)