Connect with us

Politics, Law & Military

ပထမ ခြောက်လ အခွန်ကောက်ခံရရှိငွေ သုံးနှစ်အတွင်း အနည်းဆုံးဖြစ်

ပြည်တွင်း အခွန်ဦးစီးဌာန သို့ ပေးဆောင်ရသည့် အခွန်တစ်မျိုးအတွက်ပြေစာကို အခွန်တံဆိပ်ခေါင်းများတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အခွန်ကောက်ခံရရှိငွေသည် သုံးနှစ်တာအတွင်း အနည်းဆုံး ဖြစ်သည်ကို တွေ့ရှိရကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးစောသန်းထွဋ်က ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်း တင်ပြ ခဲ့သည်။

“၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်ရဲ့ ပထမ ခြောက်လပတ် အခွန်အကောက် ရရှိငွေဟာ မူလ ရည်မှန်းချက်ရဲ့ ၃၄ ဒသမ ၁၆ ရာခိုင်နှုန်း ရှိတဲ့အပြင် သုံးနှစ်တာ ကာလအတွင်းမှာ အနည်းဆုံး ဖြစ်တာကို တွေ့ရပါ တယ်” ဟု ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ပထမ ခြောက်လ ပတ်အတွင်း ဆောင်ရွက်နိုင်မှု အစီရင်ခံစာပါ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာနက တာဝန်ယူ ကောက်ခံနေ သည့် အခွန်အကောက်များအပေါ် ၎င်းက သုံးသပ်ပြောဆိုခဲ့သည်။

ထိုအစီရင်ခံစာပါ ပြည်တွင်း အခွန်များ ဦးစီးဌာန၏ အသားတင် ကောက်ခံရရှိငွေများ ဖြစ်ကြသည့် ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေ သိန်းထီခွန် များအား ဘဏ္ဍာသုံးနှစ်၏ ပထမ ခြောက်လအတွင်း ကောက်ခံရရှိမှုစာရင်းအရ ၂၀၁၅ – ၁၆ တွင် ကျပ် ၁၈၀၂ ဒသမ ၇၀၂ ဘီလျံ၊ ၂၀၁၆ – ၁၇ တွင် ကျပ် ၁၇၅၉ ဒသမ ၈၉၆ ဘီလျံ၊ ၂၀၁၇ – ၁၈ တွင် ၁၆၇၉ ဒသမ ၅၉၁ ဘီလျံ ရှိကြောင်း ဦးစောသန်းထွဋ်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေး၌ ရှင်းပြခဲ့သည်။

ထို့အပြင် ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းတွင် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်အတွက် မူလ ခန့်မှန်းခြေ ကျပ် ၄၉၁၆ ဒသမ ၇၈၉ ဘီလျံမှ ၅၈၃၁ ဒသမ ၅၉၃ ဘီလျံသို့ တိုးမြှင့် လျာထားပြီး ဖြစ်ရာ ယခု ကောက်ခံရရှိသော အခွန်ငွေမှာ ပြုပြင်ပြီး ခန့်မှန်းခြေ၏ ၂၈ ဒသမ ၈၀ ရာခိုင်နှုန်းသာ ရှိနေကြောင်း လည်း ၎င်းက ရှင်းပြခဲ့သည်။

၂၀၁၇ – ၁၈ ပထမ ငါးလအတွင်း ပြည်တွင်း အခွန်များ ဦးစီးဌာနက အသားတင် ကောက်ခံရရှိ ငွေများမှာ ကုန်သွယ် လုပ်ငန်းခွန် – ကျပ် ၆၄၇ ဒသမ ၆၅၅ ဘီလျံ၊ အထူးကုန်စည်ခွန် – ကျပ် ၂၉၈ ဒသမ ၈၈၈ ဘီလျံ၊ ဝင်ငွေခွန် – ကျပ် ၆၇၄ ဒသမ ၉၈၇ ဘီလျံ၊ တံဆိပ်ခေါင်းခွန် – ကျပ် ၂၁ ဒသမ ၈၇ ဘီလျံနှင့် အောင်ဘာလေ သိန်းထီခွန် – ကျပ် ၃၆ ဒသမ ၁၉၁ ဘီလျံတို့ ဖြစ်ကြသည်။

အဆိုပါ အစီရင်ခံစာ အရ ပြည်ထောင်စု၏ သုံးငွေများအနက် သာမန်သုံးငွေသည် သုံးနှစ်အတွင်း အများဆုံး ဖြစ်သည်ကို တွေ့ရကြောင်းလည်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်း ကော်မတီ၏ တွေ့ရှိချက်တွင် ဖော်ပြ ပါရှိသည်။ ၂၀၁၅ – ၁၆ ပထမ ခြောက်လအတွင်း သာမန် သုံးငွေ ပမာဏမှာ ကျပ် ၅၉၄၄ ဒသမ ၆၃၃ ဘီလျံ၊ ၂၀၁၆ – ၁၇ တွင် ကျပ် ၆၀၄၂ ဒသမ ၇၈၄ ဘီလျံနှင့် ၂၀၁၇ – ၁၈ တွင် ၆၂၈၅ ဒသမ ၃၅၁ ဘီလျံ ရှိကြောင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.