Connect with us

Politics, Law & Military

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ထိုင်းဘုရင့်တပ်မတော်ထံ ပေးပို့သော သဝဏ်လွှာ၌ သေဒဏ်ချခံရသော မြန်မာလုပ်သားနှစ်ဦးအရေး ထည့်သွင်းပေးပို့

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားနေစဉ်(ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းနိုင်ငံ အစိုးရဝန်ကြီး ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ General Prawit Wongsuwon၊ ထိုင်းဘုရင့်တပ်မတော် ဦးစီးချုပ် General Sommai Kaotira တို့ထံပေးပို့သော သဝဏ်လွှာ၌ လိပ်ကျွန်းလူသတ်မှုကြောင့် သေဒဏ်ချခံရသော မြန်မာလုပ်သားနှစ်ဦးအရေး ထည့်သွင်းပေးပို့ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ပေးပို့သော သဝဏ်လွှာ၌ လိပ်ကျွန်း၌ ဖြစ်ပွားခဲ့သော လူသတ်မှုတွင် သေဒဏ်ချမှတ်ခံရသော မြန်မာနိုင်ငံသား နှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံအစိုးရ၏ တရားဥပဒေအရ စီစဉ်ဆောင်ရွက်မှုကို လေးစားပါကြောင်း၊ သို့သော်လည်း သက်သေအထောက်အထားများ ခိုင်လုံမှု ရှိ/မရှိ ပြန်လည်သုံးသပ် ဆန်းစစ်ပေးစေလိုကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး တရားဥပဒေအရ အပြစ်ရှိသူကို ပြစ်ဒဏ်မပေးမိခြင်းထက် အပြစ်မဲ့သူကို ပြစ်ဒဏ်ပေးမိခြင်းမျိုးမဖြစ်စေရန် အရေးကြီးပါကြောင်း၊ စီရင်ချက် ချမှတ်ခဲ့သည့် ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား တည်ရှိနေသော ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားယုံကြည်မှုတို့ကို ရှေးရှုကာ တရားဥပဒေအရ ညီညွတ်မျှတစွာ အကောင်းဆုံး ဖော်ဆောင်အလေးထား ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းဖြင့် သဝဏ်လွှာ၌ ဖော်ပြထားသည်။ (Xinhua)