Connect with us

Science & Technology

မြန်မာနိုင်ငံအနေဖြင့် MyanmarSat-2 ဂြိုဟ်တုစနစ်ကို ၂၀၁၉ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် MyanmarSat-2 ဂြိုဟ်တုစနစ်ကို ၂၀၁၉ခုနှစ်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တည်ထောင်ရေး ဦးဆောင်ကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် MyanmarSat – 2 ကို လွှတ်တင် နိုင်ရေးနှင့် အချိုးကျ ပူးတွဲ ပိုင်ဆိုင်နိုင်ရေးလုပ်ငန်းများကို ဆက်လက်ဆွေးနွေး နေဆဲဖြစ်ပြီး ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းရှိကာ ၁၀ ရစ် ပေးချေရမည်ဖြစ်ကြောင်း၊ ယင်းကုန်ကျ စရိတ်များကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကာလများတွင် ပေးသွင်းရန် ညှိနှိုင်းထားကြောင်း၊ MyanmarSat-2 ကို ၂၀၁၉ ခုနှစ် ဇွန်လတွင် စတင်အသုံးပြု နိုင်မည်ဖြစ်ပါကြောင်း ၎င်းက ဆိုသည်။

အဆိုပါ MyanmarSat – 2 အသုံးပြုနိုင်ရေးနှင့် ပတ်သက်ပြီး ဥပဒေဆိုင်ရာ ညှိနှိုင်းရမည့်ကိစ္စများကိုလည်း ဥပဒေရေးရာနှင့် လုပ်ထုံးလုပ်နည်း ဆပ်ကော်မတီအဖွဲ့က မိမိဘက်မှ နစ်နာမှုမရှိအောင် သေချာစွာ စစ်ဆေးပေးရန် လိုအပ်ကြောင်း၊ မိမိတို့သုံးစွဲမည့် ထရန်စပွန်ဒါများ တွင် Indefeasible Right of Use (IRU) အသုံးပြုမှု အခွင့်အလမ်းကို ပယ်ဖျက်၍မရအောင် ထည့်သွင်းချုပ်ဆိုရ မည်ဖြစ်ကြောင်း ဒုတိယ သမ္မတက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ပိုင်ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ယခင်အစည်းအဝေး များတွင် တင်ပြခဲ့သည့် နည်းလမ်း ( ၃ ) ခု ရှိပြီး နည်းလမ်း(၁)သည် အခြားနိုင်ငံကပိုင်သည့် ဂြိုဟ်တု ထရန်စပွန်ဒါကိုငှားပြီး ငွေပေးချေသော စနစ်(Condosat)၊ နည်းလမ်း(၂)သည် အချိုးကျပူးတွဲ ပိုင်ဆိုင်သည့် စနစ်(Joint)၊ နည်းလမ်း(၃)သည် အလုံးစုံပိုင်ဆိုင်သည့်စနစ်တို့ဖြစ်ကြောင်း၊ ယခင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တင်ပြသည့် နည်းလမ်း(၂) ဖြစ်သော အချိုးကျပူးတွဲ ပိုင်ဆိုင်သည့်စနစ်ကို အဓိကထားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် MyanmarSat-1ကိုဌားရမ်းအသုံးပြုနေကြောင်း၊ နိုင်ငံခြားမှ ဂြိုဟ်တုထရန်စပွန်ဒါ ငှားရမ်းသုံးစွဲသည့် ဝန်ကြီးဌာနများအနေဖြင့် ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း များ ပြည့်သွားသည့်အခါ MyanmarSat-2 ကို ပြောင်းလဲ သုံးစွဲသွားနိုင်ရန်အတွက် နည်းပညာဆပ်ကော်မတီ အနေနှင့် အသေးစိတ် ဆွေးနွေးတိုင်ပင် ကြရန်လိုအပ်ကြောင်း ဒုတိယ သမ္မတကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.