Connect with us

Social

အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ဆက်လက် မောင်းနှင်ခွင့်နှင့်ပတ်သက်၍ COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆို

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များအား သတ်မှတ်စည်းကမ်းနှင့်အညီဖြတ်သန်းခွင့်အား COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ၏ ညွှန်ကြားချက်နှင့်အညီ နိုဝင်ဘာ ၃၀ ရက်အထိ ယာယီ ဖြတ်သန်းခွင့်ပြုလျက်ရှိကြောင်း၊ ဆက်လက်သက်တမ်းတိုးခြင်းမတိုးခြင်းအား COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးအောင်မြင့်ဦးက ဆင်ဟွာသို့ နိုဝင်ဘာ ၁၄ ရက်တွင်ပြောသည်။

“အခုလက်ရှိကတော့ ကုန်တင်ယာဉ်တွေကို ဖြတ်သန်းခွင့်ပြုထားပါတယ်။ ဆက်လက်သက်တမ်းတိုးပြီး ဖြတ်သန်းခွင့်ပြုမပြုကတော့ လက်ရှိမှာ မသိသေးပါဘူး။ COVID-19ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ၏ ညွှန်ကြားချက်အတိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

COVID -19 ရောဂါကြောင့် ကုန်စည်စီးဆင်းမှု မြန်ဆန်လွယ်ကူစေရန် ကုန်စည်တင် ယာဉ်ကြီးများအား ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် အောက်တိုဘာ ၅ ရက်မှ စတင်၍ ယာယီ ဖြတ်သန်း သွားလာခွင့် ပြုခဲ့ကြောင်း၊ ယခင်က ကုန်တင်ယာဉ်များအား ဖြတ်သန်းခွင့်မပြုခဲ့ကြောင်း သိရသည်။
COVID-19 ကာလတွင် ရောဂါကင်းစင်ကြောင်း ထောက်ခံစာတင်ပြနိုင်သည့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း ချောမွေ့စေရေးအတွက် သတ်မှတ်စည်းကမ်းနှင့်အညီ အမြန်လမ်းမကြီးပေါ်သို့ တက်ရောက်မောင်းနှင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ခွင့်ပြုပြီးနောက် နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၃၁၀/ဝ-၃၁၀/၁ )ကြား (အသွားလမ်း) ဘက်ခြမ်းတွင် အလျား(၇၀)ပေ အနံ(၂၅)ပေခန့် ရှိ ကွန်ကရိလမ်း ကျိုးကျ နိမ့်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ရန်ကုန်-မန္တလေးအမြန်လမ်း ရဲ့ မန္တလေးဘက်ခြမ်းက မြေကြီးထဲမှာတော့ သဲမြေပဲ။ ဒါပေမယ့်ရေထိလိုက်ရင် ပျော်ပြီး ကလိုင်ဖြစ်ပြီး ကားရပ်လိုက်ရင်ကျွံတာမျိုးဖြစ်တတ်တယ်။ ဒါကြောင့်ဖြစ်တဲ့နေရာတွေကိုကျွန်တော်တို့ ချက်ချင်းတန်းပြင်ပါတယ်။ မြေကြောင့်ဖြစ်တာပါ။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၏ ကြံ့ခိုင်ရေးနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)