Connect with us

Economy

“လန်ချန်း-မဲခေါင်ဒေသတွင်း နည်းပညာလွှဲပြောင်းပေးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် MSMEs ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေး မူဝါဒများဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားသို့ သံမှူးကြီး Dr. Zheng Zhihong တက်ရောက်

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
“လန်ချန်း-မဲခေါင်ဒေသတွင်း နည်းပညာလွှဲပြောင်းပေးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် MSMEs ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေး မူဝါဒများဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားသို့ သံမှူးကြီး Dr. Zheng Zhihong တက်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စက်တက်ဘာ ၇ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong သည် စက်တင်ဘာလ ၆ ရက်တွင် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် “လန်ချန်း-မဲခေါင်ဒေသတွင်း နည်းပညာလွှဲပြောင်းပေးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုစနစ်နှင့် MSMEs ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးရေး မူဝါဒများဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ သံမှူးကြီး Dr. Zheng Zhihong က နည်းပညာလွှဲပြောင်းပေးမှုသည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပေါင်းစပ်ခြင်း၏ အဓိကအကြောင်းအရာ၊ ဆန်းသစ်တီထွင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ခြင်း၏ အရေးပါအစိတ်အပိုင်း၊ သိပ္ပံနည်းပညာဆန်းသစ်တီထွင်ခြင်း ထိရောက်မှုအားမြှင့်တင်သည့် အရေးကြီးအချက်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ အရင်းအနှီးထည့်ဝင်၍ထူထောင်ထားသည့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေသည် ယနေ့တိုင် လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံတွင် စီမံကိန်းပေါင်း ၇၇၉ ခုကို ပံ့ပိုးကူညီပေးခဲ့သဖြင့် လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား ထိရောက်စွာတိုးတက်လာစေပြီး ပြည်သူများအကျိုးစီးပွားကောင်းမွန်လာစေကာ ဒေသတွင်းတည်ငြိမ်ရေးနှင့် စည်ပင်ဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်လိုက်ကြောင်း၊ လန်ချန်း-မဲခေါင်နိုင်ငံအသီးသီးမှ ပညာရှင်များက ယခုအကြိမ်ဆွေးနွေးပွဲမှတစ်ဆင့် အပြန်အလှန် နားလည်သိရှိမှုကို မြှင့်တင်ကာ လန်ချန်း-မဲခေါင်နည်းပညာလွှဲပြောင်းပေးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်းဆောင်ရွက်ရန် မျှော်လင့်ပါကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံက လန်ချန်း-မဲခေါင်မိတ်ဖက်များနှင့် နည်းပညာလွှဲပြောင်းမှု၊ MSMEs များ ဆန်းသစ်တီထွင်ဖွံ့ဖြိုးတိုးတက်မှု စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ပံ့ပိုးပေးကာ ပိုမိုရင်းနှီးသည့် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်းအား အတူတည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် မြစ်ဝှမ်းဒေသနိုင်ငံများ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး၊ ထုတ်လုပ်မှုစွမ်းရည်၊ အားသာချက်များ အပြန်အလှန်ဖြည့်စွက်ပေးရေးနှင့် MSMEs ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါတွန်းအားဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ဒေသသည် သယံဇာတပေါကြွယ်ဝပြီး အာရှနှင့်ကမ္ဘာတစ်ဝန်းတွင် အလားအလာအရှိဆုံးဒေသများအနက်တစ်ခုဖြစ်ကြောင်း၊ မဲခေါင်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးသည်များစွာ နောက်ကျကျန်နေသည့်အတွက် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ကောင်းမွန်လာစေရန်ဆောင်ရွက်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ကာ အခြေခံအဆောက်အအုံတိုးတက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းအင်အားများကိုစုစည်းကာ အကျိုးသက်ရောက်မှုကြီးမားပြီး ဒေသတွင်းပြည်သူများအတွက် ပိုမိုကောင်းမွန်သောအနာဂတ် ဖန်တီးပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုတွင် ဆက်လက် တက်တက်ကြွကြွပါဝင်ကာ အပြန်အလှန်ယုံကြည်၍ အကျိုးဖြစ်ထွန်းသော လန်ချန်း-မဲခေါင်သံယောဇဉ်ကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ လန်ချန်း-မဲခေါင်ဒေသ ငြိမ်းချမ်းရေး၊ စည်ပင်ဝပြောရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးပါသော တရုတ်နိုင်ငံအစိုးရအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ၂ ရက်ကြာကျင်းပသွားမည်ဖြစ်ကာ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံမှပညာရှင်များတက်ရောက်ကြမည်ဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်သို့ သွားရောက်လေ့လာသည့်လှုပ်ရှားမှုကိုလည်း စီစဉ်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုင်းကျော်နိုင်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်သံတမန်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.