Connect with us

Europe

ယူကရိန်း စစ်လေယာဉ်ပျက်ကျမှုကြောင့်သေဆုံးသူ ၂၅ ဦးအထိရောက်ရှိလာ

ယူကရိန်းနိုင်ငံ စစ်လေယာဉ်ပျက်ကျမှုဖြစ်ပွားသည့်နေရာ ၌ စက်တင်ဘာ ၂၅ ရက်ညပိုင်းအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ကိယက်ဗ် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း Kharkiv ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ ၂၅ ဦးအထိရောက်ရှိလာခဲ့ပြီး ၂ ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကာ ယူကရိန်းနိုင်ငံအစိုးရ အနေဖြင့် အခင်းဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုဆောင်ရွက်နေကြောင်း ယူကရိန်းနိုင်ငံ လေတပ်စစ်ဌာနချုပ်၏ စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်းထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

ယူကရိန်းနိုင်ငံလေတပ်၏ An-26 လေယာဉ်သည်စက်တင်ဘာ ၂၅ ရက်ညပိုင်းအချိန်တွင် Kharkiv ပြည်နယ် Chuhuiv မြို့အနီးတွင်ပျက်ကျမှုဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားစဉ်လေယာဉ်ပေါ်တွင် လူ ၂၇ ဦးလိုက်ပါခဲ့ပြီး မီဒီယာများဖော်ပြနေသော ၂၈ ဦးမဟုတ်ကြောင်း ၊ လေယာဉ်ပေါ်တွင်လိုက်ပါခဲ့သူများက Kharkiv လေတပ်တက္ကသိုလ်ကဖြစ်ကြပြီး အခင်းဖြစ်ပွားစဉ် လေယာဉ်သည်လေ့ကျင့်ပျံသန်းမှုပြုလုပ်နေကြောင်း ယူကရိန်းနိုင်ငံလေတပ်စစ်ဌာနချုပ်က စက်တင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ စစ်လေယာဉ်ပျက်ကျမှုဖြစ်ပွားသည့်နေရာ ၌ စက်တင်ဘာ ၂၅ ရက်ညပိုင်းအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky ကလူမှုကွန်ယက်စာမျက်နှာတွင် ယူကရိန်းနိုင်ငံအစိုးရအနေဖြင့် အရေးပေါ်စုံစမ်းစစ်ဆေးမှုကော်မတီကိုဖွဲ့စည်းခဲ့ပြီး စစ်လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍စုံစမ်းစစ်ဆေးမှုများဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံရှေ့နေချုပ်ရုံး က စက်တင်ဘာ ၂၅ ရက်၌ သက်ဆိုင်ရာအဖွဲ့အစည်းအနေဖြင့် အခင်းဖြစ်ပွားခဲ့သည့်လေယာဉ်က စည်းကမ်းချိုးဖောက်မှုရှိမရှိနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများအား ညွှန်ကြားဆောင်ရွက်နေသည့် Kharkiv ပြည်နယ်အုပ်ချုပ်ရေးမှူး က အခင်းမဖြစ်ပွားမီလေယာဉ်မှူးက မြေပြင်သို့ လေယာဉ်၏ဘယ်ဘက်အင်ဂျင်က ချို့ယွင်းမှု ဖြစ်ပွားခဲ့သည်ဟု အကြောင်းကြားခဲ့ကြောင်း ၊ လေယာဉ်ပျက်ကျခဲ့ရခြင်းက အခြားမည်သည့်အကြောင်းအရင်းရှိသေးသည်ကိုမူ ဆက်လက်စုံစမ်းစစ်ဆေးသွားရမည်ဟု ပြောကြား ခဲ့ကြောင်း ယူကရိန်းနိုင်ငံ သတင်းမီဒီယာ၏ဖော်ပြချက်အရ သိရှိရသည်။  (Xinhua)