Connect with us

Latin America

အမေဇုံတောမီး ငြှိမ်းသတ်ရေးအတွက် G7 အကူအညီ ဘရာဇီးနိုင်ငံ ငြင်းပယ်


ရီယိုဒီဂျနေးရိုး၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

အမေဇုံမုတ်သုံသစ်တော မီးလောင်မှုကို ငြှိမ်းသတ်ရန် G7 အဖွဲ့ဝင်နိုင်ငံများထံမှ အကူအညီအား ဘရာဇီးနိုင်ငံက သြဂုတ်လ ၂၆ ရက်က ငြင်းပယ်လိုက်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ဘီရာရစ်ဇ်မြို့တွင် သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က အိမ်ရှင်အဖြစ်လက်ခံ ကျင်းပသည့် G7 ထိပ်သီးအစည်းအဝေး၌ G7 နိုင်ငံများက အမေဇုံတောမီးလောင်မှုကို ငြှိမ်းသတ်ရာတွင် ကူညီရန် အမေရိကန်ဒေါ်လာ သန်း ၂၀ ကမ်းလှမ်းခဲ့သည်။ တောမီးငြှိမ်းသတ်ရေးအတွက် G7 အဖွဲ့ဝင်နိုင်ငံများ ပါဝင်ရန်လည်း မက်ခရွန်က အဆိုပြုခဲ့သည်။

“(အကူအညီ) ကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီအရင်းအမြစ်တွေက ဥရောပမှာ သစ်တော ပြန်လည်လွှမ်းခြုံရေးအတွက် ပိုလို့သက်ဆိုင်မှာပါ” ဟု ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) ၏ ဝန်ထမ်းအရာရှိချုပ် အိုနိတ်စ် လောရင့်ဇိုနီ (Onyx Lorenzoni) ၏ ပြောကြားချက်အား ကိုးကား၍ G1 သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

“မက်ခရွန်က သူ့နိုင်ငံက ကမ္ဘာ့အမွေအနှစ်ဖြစ်တဲ့ ဘုရားကျောင်းမှာ ကြိုတင်သိနိုင်တဲ့ မီးလောင်မှုကိုတောင် ရှောင်လွှဲနိုင်ခဲ့တာမဟုတ်ဘူးလေ။ သူက ကျွန်တော်တို့ နိုင်ငံကို ဘာတွေ သင်ပြပေးနိုင်မှာလဲ” ဟု ဧပြီလက ပြင်သစ်တွင် Notre-Dame ကာသီဒြယ်ဘုရားကျောင်း မီးလောင်မှုအား ရည်ညွှန်းကာ ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အမေဇုံ မုတ်သုံသစ်တောအား ဘရာဇီးနိုင်ငံက ၆၀ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်သော်လည်း ထိုသစ်တောက ပြင်သစ်နိုင်ငံ၏ ပြည်ပပိုင်နက်ဖြစ်သော တောင်အမေရိကတိုက် အရှေ့မြောက်ဘက် ကမ်းရိုးတန်းရှိ ဂူယာနာဒေသ အပါအဝင် အခြားနိုင်ငံနှင့် ပိုင်နက် ၈ ခုအား လွှမ်းခြုံထားခြင်း ဖြစ်သည်။

ဘရာဇီးနိုင်ငံက မီးလောင်နေသည့် အမေဇုံသစ်တောပေါ်သို့ ရေဖြန်းကာမီးငြှိမ်းသတ်ရန် စစ်လေယာဉ်များ စေလွှတ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

အမေဇုံ မုတ်သုံသစ်တော မီးလောင်မှုအား တွေ့ရစဉ် (ဆင်ဟွာ)

G7 ထိပ်သီးအစည်းအဝေးအတွင်း ပြင်သစ်သမ္မတက အမေဇုံတောမီးအား ခေါင်းစဉ်တင်ကာ အစဖော်ခြင်းမှာ ဘရာဇီးအား အပြစ်တင်ရန် ရည်ရွယ်ခြင်းသာ ဖြစ်ကြောင်း ဘရာဇီး သမ္မတ ဘိုဆိုနာရိုက ပြောခဲ့သည်။

အမေဇုံသစ်တော မီးငြှိမ်းသတ်မှုအတွက် ငွေကြေး အကူအညီကမ်းလှမ်းမှုအား မစဉ်းစားမီ ပြင်သစ် သမ္မတ မက်ခရွန်က တောင်းပန်ရန် ဘိုဆိုနာရိုက သြဂုတ်လ ၂၇ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

“မက်ခရွန်က ကျွန်တော့်ကို စော်ကားမှုတွေအပေါ် ပြန်ရုပ်သိမ်းပေးရပါမယ်။ ပထမဆုံး သူက ကျွန်တော့်ကို လူလိမ် လို့ခေါ်ခဲ့တယ်။ ပြီးတော့ အမေဇုံက ကျွန်တော်တို့ရဲ့ အချုပ်အခြာပိုင်ဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့လည်း သူပြောခဲ့သေးတယ်” ဟု ဘိုဆိုနာရိုက သတင်းထောက်များအား ပြောခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း G7 ထိပ်သီးအစည်းအဝေး၌ တောမီးလောင်ကျွမ်းမှုအား ငြိမ်းသတ်ရာတွင် အမေရိကန်ဒေါ်လာ သန်း ၂၀ အပါအဝင် အကူအညီများပေးရန် ပြင်သစ်သမ္မတက အဆိုပြုခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ သမ္မတနှင့် ဘရာဇီးနိုင်ငံ သမ္မတတို့အကြား ယခုကဲ့သို့ သံတမန်ရေးရာ ပဋိပက္ခပေါ်ထွက်လာခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.