Media
မြန်မာကလေးငယ်များအတွက် ဝူရှူးအားကစားနည်းက ယဉ်ကျေးမှုနှင့် ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများရရှိစေ
ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ နွေရာသီ နံနက်ခင်းတစ်ခုတွင် အာရုံစူးစိုက်မှု အပြည့်ရှိနေသော ကလေးငယ်များ၏ စည်းချက်ကျကျ ခြေသံများနှင့် လျင်မြန်သော လက်လှုပ်ရှားမှုအသံများက လွှမ်းမိုးလျက်ရှိပြီး တက်ကြွဖျတ်လတ်သော ကလေးငယ်များသည် မြန်မာနိုင်ငံရှိ လူငယ်ထုကြားတွင် တဖြည်းဖြည်း ရေပန်းစားလျက်ရှိသည့် တရုတ်ရိုးရာ သိုင်းပညာတစ်ခုဖြစ်သော ဝူရှူးအားကစားနည်းကို လေ့ကျင့်လျက်ရှိကြသည်။
ကျောင်းသား အများစုအတွက်မူ ဝူရှူး (Long Fist) နွေရာသီ သင်တန်းသည် ကိုယ်လက်လှုပ်ရှားမှုကို သွက်လက်နေစေရုံမျှမက အခြားသော အကျိုးကျေးဇူးများကိုလည်း ပေးစွမ်းနိုင်ကြောင်း သိရသည်။ အဆိုပါ ဝူရှူး (သင်တန်း) သည် စည်းကမ်းကောင်းမွန်လာစေခြင်း၊ ကျန်းမာရေးကို မြှင့်တင်ပေးခြင်းနှင့် အခြားသော ယဉ်ကျေးမှုတစ်ခုကို ထိတွေ့ဆက်နွှယ်ခွင့်တို့ကိုလည်း ရရှိစေကြောင်း သိရသည်။ အဆိုပါသင်တန်းကို မတ်လ ၂၄ ရက်မှ မေလ ၂၈ ရက်အထိ ဖွင့်လှစ်ထားပြီး အသက် ၅ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအတွက် တစ်ပတ်လျှင် သုံးရက် သင်ကြားပေးလျက်ရှိသည်။
အသက် ၁၅ နှစ်အရွယ် မဖြူဖြူသင်းသန့်သည် ရှင်းလင်းပြတ်သားသော ရည်မှန်းချက်တစ်ခုဖြင့် ယင်းသင်တန်းသို့တက်ရောက်ခဲ့ကြောင်း သိရသည်။
“သမီးက ဝူရှူးအပါအဝင် ကိုယ်ခံပညာတွေကို စိတ်ဝင်စားတဲ့အတွက် အခု နွေရာသီကျောင်းပိတ်ရက်မှာ ဒီသင်တန်းကို တက်ရောက်ခဲ့တာပါ။ ဒီဝူရှူးသင်တန်းက သမီးတို့အတွက် ကိုယ်ခံပညာ နည်းစနစ်တွေကို သင်ယူရရုံတင်မကဘဲ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေကိုလည်း သင်ယူရပါတယ်” ဟု ၎င်းက ပြောသည်။
၎င်း၏တရုတ်ယဉ်ကျေးမှုအပေါ် စိတ်ဝင်စားမှုမှာ သိုင်းပညာတစ်ခုတည်းတွင်သာမဟုတ်ကြောင်း သိရသည်။ ၎င်းသည် အသက် ၃ နှစ်အရွယ်မှစ၍ တရုတ်စာကို လေ့လာခဲ့သူဖြစ်သည့်အတွက် ယင်းသင်တန်းကို တက်ရောက်ရန် တန်ဖိုးရှိသော အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ပြီး အခြားသူများကိုလည်း တက်ရောက်သင့်ကြောင်း တိုက်တွန်းထားသည်။
အသက် ၁၄ နှစ်အရွယ် မစုရတီအောင်အတွက်မူ ဝူရှူးအားကစားနည်းသည် လက်တွေ့အသုံးဝင်ရုံသာမက ပျော်ရွှင်စရာလည်း ကောင်းသည်ဟု ဆိုသည်။
“သမီးက ကိုယ်ခံပညာတွေကို သက်လုံပညာအဖြစ် စိတ်ဝင်စားတာကြောင့် အခု သင်တန်းတက်နေတဲ့ အချိန်မှာ နည်းစနစ်တွေကို သင်ယူနေပါတယ်” ဟု ၎င်းကပြောသည်။
၎င်းသည် ဂီတကိုလည်း စိတ်ဝင်စားသူဖြစ်ပြီး တရုတ်ရိုးရာ တူရိယာတစ်ခုဖြစ်သည့် ကူကျိန်း (Guzheng) တီးခတ်နည်း သင်တန်းကိုလည်း တစ်လကြာ တက်ရောက်သင်ကြားပြီးစီးခဲ့ကြောင်း သိရသည်။ .
“သင်တန်းတက်ရင်းနဲ့ သူငယ်ချင်းသစ်တွေလည်း ရခဲ့ပါတယ်။ ဝူရှူးလေ့ကျင့်တာက သမီးရဲ့ ကျန်းမာရေးကိုလည်း ပိုကောင်းလာစေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
၎င်းက တရုတ်မူကြိုကျောင်းတွင် တက်ရောက်ခဲ့သူဖြစ်သဖြင့် ငယ်စဉ်ကတည်းကပင် တရုတ်ဘာသာစကား၊ ယဉ်ကျေးမှုတို့နှင့် အကျွမ်းတဝင်ရှိခဲ့ကြောင်း သိရသည်။
တရုတ်ယဉ်ကျေးမှုစင်တာကို ကျေးဇူးတင်ရှိကြောင်းနှင့် နောင်အနာဂတ်တွင်လည်း ယခုကဲ့သို့ သင်တန်းများကို ပိုမိုဖွင့်လှစ်ပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အသက် ၁၂ နှစ်အရွယ် မကြယ်စင်အောင်ကလည်း ကိုယ်ခံပညာကို ဝါသနာတူသည့် မောင်နှမတစ်ဦးနှင့်အတူ ယင်းသင်တန်းကို တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ သင်တန်းတူသူငယ်ချင်းများနည်းတူ ၎င်းသည်လည်း ငယ်စဉ်ကတည်းက တရုတ်စာကို လေ့လာသင်ယူခဲ့သူ ဖြစ်ကြောင်း သိရသည်။
မိဘများအတွက်လည်း ယင်းသင်တန်း၏ အကျိုးကျေးဇူးများမှာ သိသာထင်ရှားလှကြောင်း သိရသည်။ မစုရတီအောင်နှင့် မကြယ်စင်အောင်တို့၏ မိခင်ဖြစ်သူ အသက် ၄၉ နှစ်အရွယ် ဒေါ်ကျောက်ဝမ်ရှိုက ၎င်း၏ ကလေးများကို ပိုမိုယုံကြည်မှုရှိသော လူနေမှုပုံစံရှိလာစေရန် ရည်ရွယ်၍ သင်တန်းအပ်နှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အိမ်မှာဆိုရင် သူတို့က များသောအားဖြင့် အားတဲ့အချိန်တွေမှာ ဂိမ်းဆော့ရင်းနဲ့ပဲ ကုန်ဆုံးလေ့ရှိကြတယ်။ သူတို့ကို ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်စေချင်တယ်၊ ကျန်းမာရေး ပိုကောင်းလာစေချင်တယ်၊ ပြီးတော့ သူငယ်ချင်းသစ်တွေရရှိပြီး ရင်းနှီးစေချင်တယ်” ဟု ဒေါ်ကျောက်ဝမ်ရှိုက ပြောသည်။
အဆိုပါ သင်တန်းများက ကလေးများ ဖုန်းသုံးသည့် အချိန်ကို လျှော့ချပေးနိုင်ရန် အထောက်အကူပြုကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းသင်တန်းကို မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်မှ နည်းပြဖြစ်သူ ဒေါ်အေးသစ္စာမြင့်က ဦးဆောင်သင်ကြားပေးနေခြင်းဖြစ်ပြီး ၎င်းသည် ဝူရှူးလောကတွင် အတွေ့အကြုံ နှစ်ပေါင်း ၂၀ ရှိပြီး နည်းပြသက်တမ်းမှာ ၃ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
“ဝူရှူးအားကစားနည်းဟာ အသက်အရွယ်မရွေး သင်ကြားလို့ရပါတယ်။ လူငယ်တွေအနေနဲ့ ချန်ချွမ် (Changquan – လက်သီးရှည်နည်းစနစ်) နဲ့ နန်ချွမ် (Nanquan – တောင်ပိုင်းလက်သီးနည်းစနစ်) တို့ကို လေ့ကျင့်နိုင်ပြီး လူကြီးတွေကတော့ ကျန်းမာရေးအတွက် ထိုက်ကျီ (Tai Chi) ကို ရွေးချယ်လေ့ကျင့်နိုင်ပါတယ်။ ဒါက ခန္ဓာကိုယ်တစ်ခုလုံးကို အကျိုးရှိစေပါတယ်” ဟု ၎င်းက ပြောသည်။
“နွေရာသီသင်တန်းတွင် သင်ကြားပေးသော ချန်ချွမ် (Changquan) နည်းစနစ်က တစ်ကိုယ်လုံးရမှာရှိတဲ့ အစိတ်အပိုင်းများအားလုံးဟန်ချက်ညီညီ လှုပ်ရှားဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဖြစ်တဲ့ ကိုယ်၊ လက်နဲ့ ခြေထောက်တွေကို တစ်ပြိုင်နက်တည်း လှုပ်ရှားရတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိအောင် သင်ကြားပေးပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။
လေ့ကျင့်ခန်းများကို လက်သီးထိုးခြင်းနှင့် ခြေလှမ်းအထားအသိုကဲ့သို့သော အခြေခံနည်းစနစ်များမှ စတင်ပြီးနောက် အကြောလျှော့သည့် လေ့ကျင့်ခန်းများသို့ ကူးပြောင်းလေ့ကျင့်ပေးကြောင်း၎င်းက ဆိုသည်။
“ကြွက်သားတွေ ပြေလျော့နေမှသာ အဓိက သိုင်းကွက်နည်းစနစ်တွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းလေ့ကျင့်ခန်း၏ အကျိုးကျေးဇူးများသည် ကိုယ်ကာယ ကြံ့ခိုင်မှုတစ်ခုတည်းအတွက်သာမကဘဲ အခြားသော ကောင်းကျိုးများစွာကိုလည်း ရရှိစေကြောင်း သိရသည်။
“သင်တန်းတက်ရောက်သူတွေက သူတို့ရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းမွန်စေရုံတင်မကဘဲ အာရုံစူးစိုက်မှု ပိုကောင်းလာစေသလို အုပ်စုလိုက် အဖွဲ့အစည်းနဲ့ လုပ်ဆောင်တတ်တဲ့ စိတ်ဓာတ်တွေကိုလည်း သင်ယူနိုင်ကြပါတယ်”ဟု ၎င်းက ပြောသည်။
ယင်းအစီအစဉ်သည် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာမှ ယဉ်ကျေးမှုချင်း ဖလှယ်နိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်နေမှုများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၏ ညွှန်ကြားရေးမှူး Xiang Jianbo က ယခုနွေရာသီ သင်တန်းအစီအစဉ်များသည် နွေရာသီအားလပ်ရက်ကို အသုံးချ၍ မြန်မာလူငယ်များနှင့် ယဉ်ကျေးမှု ဝါသနာရှင်များအတွက် ထူးခြားပြောင်မြောက်သည့် တရုတ်ရိုးရာယဉ်ကျေးမှုများကို ကိုယ်တိုင်ကိုယ်ကျ လေ့လာထိတွေ့နိုင်မည့် ကောင်းမွန်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်ယဉ်ကျေးမှုကို ပိုမိုသိရှိနားလည်လိုသည့် ဒေသခံပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်၊ ၎င်းတို့၏ နွေရာသီမှာ ယဉ်ကျေးမှုဘဝကို ပိုမိုအဓိပ္ပါယ်ရှိစေရန် တရုတ်ယဉ်ကျေးမှု၏ တစ်မူထူးခြား၍ ဆွဲဆောင်မှုရှိခြင်းကို ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်စရာကောင်းသော အခြေအနေတွင် ကိုယ်တိုင်ခံစားသိရှိနိုင်စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ယဉ်ကျေးမှုသည် လူမှုကူးလူးဆက်ဆံရေးအတွက် တံတားတစ်စင်းဖြစ်ကြောင်း မှတ်ချက်ပြုရင်း ယခုကဲ့သို့သော ယဉ်ကျေးမှုဆိုင်ရာ သင်တန်းအစီအစဉ်များသည် တရုတ်-မြန်မာ နှစ်နိုင်ငံကြားရှိ ‘ဆွေမျိုးပေါက်ဖော်’ ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစေရန်အတွက် အရေးပါပြီး ကောင်းမွန်သည့်ကဏ္ဍမှ ပါဝင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခုကဲ့သို့ ယဉ်ကျေးမှုဆိုင်ရာ သင်တန်းများကို ပုံမှန်ကျင်းပပေးခြင်းဖြင့် တရုတ်ရိုးရာယဉ်ကျေးမှုသည် မြန်မာနိုင်ငံတွင် အမြစ်တွယ် ရှင်သန်လာလိမ့်မည်ဟု စင်တာအနေဖြင့် မျှော်လင့်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
