Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး ညီလာခံ ဖြစ်မြောက်ရေးနှင့် အပစ်ခတ် ရပ်စဲရေး၌ ပါဝင်သင့်သူများ ပါဝင်ရေး တစ်ပြိုင်တည်း လုပ်ဆောင်ရန် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေး၌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး ညီလာခံ ဖြစ်မြောက်ရေးနှင့် အပစ်ခတ် ရပ်စဲရေး၌ ပါဝင်သင့်သူများ ပါဝင်ရေးကို မျဉ်းပြိုင် သဖွယ် တစ်ပြိုင်တည်း လုပ်ဆောင်သွားသင့်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကျင်းပသော JMC အစည်းအဝေးပွဲ မိန့်ခွန်း၌ တိုက်တွန်း ပြောကြားသည်။

ပင်လုံညီလာခံ ကျင်းပနိုင်ရေးကို အချိန်မဆွဲချင်ဘဲ တစ်လနှင့် နှစ်လကြား ပြီးမြောက်အောင် လုပ်ဆောင်မှ ငြိမ်းချမ်းရေး ညီလာခံကို နောက်နှစ်လတွင် စတင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင် ပြုလုပ်ခြင်းဖြင့် ပြည်သူများ ငြိမ်းချမ်းရေး၏ အကျိုးကို ခံစားရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ငြိမ်းချမ်းရေး တည်တံခိုင်မြဲစွာ လုပ်ဆောင်ရန် အရေးကြီးပြီး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးမှုသည် ပထမ ခြေလှမ်းသာ ဖြစ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေး တည်တံ့ခိုင်မြဲမှု မရှိနိုင်လျှင် တကယ် ငြိမ်းချမ်းရေး မရနိုင်ကြောင်း ၎င်းကဆိုသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးသို့ ပထမဆုံး အကြိမ် တက်ရောက်ခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC) ၏ အဓိက တာဝန်သည် အပစ်အခတ် ရပ်စဲရေးအတွက် အဘက်ဘက်က မကျေနပ်မှု မရှိအောင်လုပ်ဆောင်ရန်၊ တရားမျှတမှု ရှိမရှိကို ထိန်းသိမ်းရန် ဖြစ်ပြီး အဆိုပါ JMC အစည်းအဝေးမှ အားနည်ချက်၊ အားသာချက်များပေါ် အခြေခံပြီး ငြိမ်းချမ်းရေး ညီလာခံကို ဆက်သွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း အတွင်း ထည့်သွင်း ပြောကြားသည်။

အပစ်အခတ် ရပ်စဲရေး၌ တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး ပါဝင်နိုင်ရေးကိုလည်း ဝိုင်းဝန်း စဉ်းစား လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC) ၏ ပဉ္စမအကြိမ် အစည်းအဝေးကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပလျှက် ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.