Europe
တရုတ် ကျောင်းထိုင်ဆရာတော် အလောင်းတော်အား ပြန်လည်လွှဲပေးရန် နယ်သာလန် နိုင်ငံ၌ တရားစွဲဆိုမှု စတင်
နယ်သာလန် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန်းပြည်နယ်ရှိ ကျေးရွာတစ်ရွာမှ ခိုးယူခြင်းခံခဲ့ရသော နှစ်ပေါင်း တစ်ထောင်ကျော်ကြာ ဗုဒ္ဓဘာသာ ကျောင်းထိုင်ဆရာတော် တစ်ပါး၏ ရွှေချ ရုပ်အလောင်းတော်ကို ပြန်လည် လွှဲပြောင်းပေးရေး အတွက် နယ်သာလန်နိုင်ငံ တရားရုံးတစ်ရုံးတွင် ဒေသခံရွာသားများက ဇွန်လ ၈ ရက်၌ အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ဒေသခံ တရုတ်ရွာသားများ ကိုယ်စား နယ်သာလန် တရားလို ရှေ့နေ Jan Holthuis က နယ်သာလန် တရားရုံးသို့ တရားစွဲဆိုချက်စာတမ်း တင်သွင်းခဲ့ ၍ ကျန်ရစ်သော သက်သေခံစာရွက် ကိုလည်း နယ်သာလန် ဥပဒေ နှင့်အညီ ဆက်လက် တင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကျောင်းထိုင်ဆရာတော်သည် Song မင်းဆက် (၁,၁၀၀ ခုနှစ် BC ပတ်ဝန်းကျင်) တွင် ပျံလွန်တော်မှုခဲ့၍ ၎င်း၏ ရုပ်အလောင်းတော်ကို ရွှေရည် သွန်းလောင်းပြီး ပူဇော်ခြင်း ခံခဲ့ရသည်။ ကျောင်းထိုင်ဆရာတော်သည် တန်ခိုးကြီး ဘုန်းတော်ကြီး တစ်ပါး ဖြစ်ရုံသာမက တရားဓမ္မ ကျင့်ကြံခြင်းအပြင် ဆေးဝါးလည်း ကုသခဲ့သည်။ ၎င်း ပျံလွန်ပြီးနောက် ရွှေရည် သွန်းလောင်းခံထားရသော ခန္ဓာကိုယ်သည် နှစ်ပေါင်း ၁,၀၀၀ ခန့် ကြာသည် အထိ ပျက်စီးယိုယွင်းမှု မရှိခဲ့ကြောင်း သိရသည်။
၎င်းကျောင်းထိုင်ဆရာတော် ရုပ်အလောင်းတော်ကို ဖူကျန်း ပြည်နယ် ဝူရှန်းရွာရှိ ဖူးကျောက် ဘုရားကျောင်းတွင် ဌာပနာ ထား၍ နှစ်ပေါင်း ၁,၀၀၀ ခန့် ပူဇော်ခြင်းပြုထားခဲ့သည်။ သို့သော် ၁၉၉၅ ခု ဒီဇင်ဘာလ ၁၅ ရက်တွင် ရွှေချ ရုပ်အလောင်းတော် ခိုးယူခံခဲ့ရပြီး ၎င်းအား ၂၀၁၅ ခုနှစ် မတ်လတွင် ဟန်ဂေရီ နိုင်ငံ သဘာဝ သိပ္ပံ ပြတိုက်တွင် ပြသထားကြောင်း ပြန်လည် တွေ့ရှိခဲ့ရသည်။
အဆိုပါ ရုပ်အလောင်းတော် ပိုင်ရှင်က တရုတ်နိုင်ငံမှ ဒေသခံရွာသားများထံ ရုပ်အလောင်းတော်အား ပြန်လည် ပေးအပ်ရန် စေ့စပ်ဆွေးနွေး ရာတွင် ဖူကျန်းဒေသခံများ အနေဖြင့် လက်မခံ နိုင်သော အချက်အလက်များစွာ တောင်းဆိုမှု ပြုခဲ့ကြောင်း သိရသည်။ ရုပ်အလောင်းတော်မှာ ခိုးယူခံရပြီးနောက် ဗုဒ္ဓရုပ်တုများကို တရားမဝင် ကူးသန်းရောင်းဝယ်မှု နည်းလမ်းဖြင့် ဟောင်ကောင်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းအား ရုပ်တုများ ဝယ်ယူ စုဆောင်းသူ နယ်သာလန် နိုင်ငံသား Van Overeem ဆိုသူက အခြားသော နယ်သာလန် ကုန်သည် တစ်ဦးထံမှ ဝယ်ယူထားခဲ့ခြင်း ဖြစ်ကြောင်း၊ ဟောင်ကောင်မှ အမ်စတာဒန်မြို့သို့ Van Overeem က သင်္ဘောဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း ရှေ့နေ Jan Holthuis က ပြောခဲ့သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ အတွင်းက ဒေသခံ ရွာသူရွာသား ကော်မတီ သည် ရွာသူရွာသား အားလုံး ၏ ကိုယ်စားပြု၍ နယ်သာလန် ရှေ့နေ အဖွဲ့ ကို အာဏာ အပ်နှင်း ၍ ရုပ်အလောင်းတော်အား ပြန်လည်ရရှိရေး အတွက် တရား စွဲဆိုမှု လုပ်ငန်းစတင် ဆောင်ရွက်ခဲ့သည်။
၂၀၁၆ ခုနှစ် မေလ ၃၁ရက် တွင် နယ်သာလန် တရားရုံးက ဆင့်ခေါ်စာ ပေးပို့၍ ဇွန်လ ၈ ရက်တွင် Van Overeem ၏ ရှေ့နေ တရားရုံး တက်ခဲ့သည်။ ၎င်းအမှုသည် တရားဝင် ဖြစ်ပြီး တရားရုံးသည် နှစ်ဦးနှစ်ဖက်၏ အယူအဆ စတင် ကြားနာသည် ဟု Jan Holthuis ကပြောခဲ့သည်။
ဒေသခံ တို့၏ စွဲဆိုချက်တွင် ဖော်ပြထားသကဲ့သို့ ရုပ်အလောင်းတော်ကို ဝယ်ယူထားသော လုပ်ရပ်သည် စေတနာဖြင့် ဆောင်ရွက်ခြင်း မဟုတ်ကြောင်း၊ နယ်သာလန် ဥပဒေအရ Van Overeem သည် ဗုဒ္ဓဘုန်းတော်ကြီး၏ ရွှေရည်စိမ် ရုပ်အလောင်းတော်အား ပိုင်ဆိုင်ခွင့် မရှိကြောင်း သိရသည်။
ရှေ့နေ Jan Holthuis က ကျောင်းထိုင် ဆရာတော်၏ ရုပ်အလောင်းအား ပြန်လည် တောင်းယူမှုနှင့် ဆင်တူရိုးမှား အမှု ရှားပါကြောင်း၊ ရှေ့နေ အဖွဲ့ အနေဖြင့် ရွာသူရွာသားများ ရသင့်ရထိုက်သော ရလဒ် ဖြစ်သည့် ကျောင်းထိုင် ဆရာတော်၏ ရုပ်အလောင်းအား မူလ ပူဇော်ခံနေရာသို့ ပြန်ရောက်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။ (Xinhua)