Connect with us

Culture & Entertainment

မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုမပျက် ထိန်းသိမ်းဆင်နွှဲရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန နှိုးဆော်ချက်ထုတ်ပြန်

၂၀၁၈ ခုနှစ် အတာသင်္ကြန်ပွဲတော်၌ ရန်ကုန်မြို့ရှိ မဏ္ဍပ်များတွင် ရေပက်ခံနေကြသည့်ကားများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

မကြာခင်ကျရောက်တော့မည့် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုမပျက် ထိန်းသိမ်းဆင်နွှဲရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန က ဧပြီ ၇ ရက်တွင် နှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနညွှန်ကြားရေးမှူး ဦးအာကာကျော်က “မြန်မာနိုင်ငံမှာ သင်္ကြန်ရိုးရာဆိုတာ ရှေးယခင်ကတည်းက ဆင်နွှဲလာကြတာဖြစ်တယ်။ လူမျိုးဘာသာမရွေး၊ နိုင်ငံသားများအားလုံးပါဝင်ဆင်နွှဲရတဲ့ နိုင်ငံ့ပွဲတော်ကြီးတစ်ခုလည်း ဖြစ်ပါတယ်။ရှေးက အစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံ ကို နိုင်ငံသူ၊ နိုင်ငံသားအားလုံး ယဉ်ယဉ်ကျေးကျေးနဲ့ မြန်မာ့ရိုးရာကို ထိန်းသိမ်းဖို့ အတွက် နှိုးဆော်ချက် ထုတ်ပြန်ရတာဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ ဧပြီ ၇ ရက်တွင်ပြောသည်။

ရှေးယခင်ကစပြီး အတာသင်္ကြန်ကာလတွင် သက်ကြီးဝါကြီးများအား ပူဇော်သက္ကာယပြုခြင်း၊ ရှင်ပြုရဟန်းခံအလှူတော်မင်္ဂလာများကျင်းပခြင်း နှင့် တိရစ္ဆာန်များအားဘေးမဲ့လွှတ်ခြင်း စသည့် မင်္ဂလာ အမှုတို့ ကို ပြုကြကြောင်း၊ သို့သော် လူငယ်တို့သဘာဝ အပျော်လွန်ရာမှ ကြမ်းတမ်းစွာ ရေကစားခြင်းဖြင့် တစ်ဖက်သားအား အနာတရ ဖြစ်စေခြင်း၊ တစ်ဖက်သား မခံမရနိုင်ဖြစ်သည်အထိ နောက်ပြောင်မိခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်း၊ ယာဉ်အန္တရယ်ကျရောက်ခြင်း တို့အား ဖြစ်နိုင်ကြောင်း နှိုးဆော်ချက်တွင် ပါရှိသည်။

သို့ဖြစ်ပါ၍ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စိရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏ အမြင်တွင် မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ရန်၊ ဘာသာတရား၏ အဆုံးအမနှင့် မလျော်ညီသည့် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများအား ရှောင်ကြည်ရန်၊ သူတစ်ပါးအားဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေမည့် ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါးနှောက်ယှက်မှုများအား ရှောင်ကြဉ်ရန်၊ သူတစ်ပါး သို့မဟုတ် အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာ ပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီချင်းဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့်အပြုအမူများအားရှောင်ကြဉ်ကြရန်၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောက်အယှက်ဖြစ်စေတတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှုမျိုး ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ကို ချစ်ခင်၍ ပျော်ရွှင်ကြလိုသူများဖြစ်သည်နှင့်အညီ အခြားနိုင်ငံသားများက မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်ကို လေးစားတန်ဖိုးထားမှုလျှော့ပါးစေသော စရိုက်လက္ခဏာများ၊ အပြောအဆို၊ အဝတ်အစား၊ အစားအစာ၊ အကအခုန်များကို အလွန်အမင်းလိုက်စားမှုပြုခြင်း၊ အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းအားရှောင်ကြည်ရန် နှိုးဆော်ချက်တွင်ပါရှိသည်။

“အတာသင်္ကြန်ပွဲတော်မှာ နှစ်စဉ်နှစ်တိုင်းကျွန်တော်တို့ နှိုးဆော်ချက် ထုတ်ပြန်တာရှိပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းရမယ်ဆိုတာကို ပြည်သူလူထုကို အသိပေးရတဲ့ ထုတ်ပြန်ချက်ပေ့ါ။ ထုတ်ပြန်ချက်မှာ စည်းကမ်း နဲ့ မညီရင်၊ ဥပဒေနဲ့မညီရင် ဆောင်ရွက်ရမယ့် အဖွဲ့အစည်းက သပ်သပ်ရှိပါတယ်။ ကျွန်တော်တို့ကတော့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး အစဉ်အလာမပျက် ထိန်းသိမ်း စောင့်ရှောက်ဖို့ အတွက် သတိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ရတာဖြစ်ပါတယ်။’’ ဟု ဦးအာကာကျော်ကပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.