Connect with us

Environment, Disasters & Accidents

ဧရာဝတီမြစ်ရေ မြင့်တက်နိုင်သောကြောင့် ထူးခြားမြစ်ရေသတိပေးချက်ထုတ်ပြန်

ဧရာဝတီမြစ်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

ဧရာဝတီမြစ်အထက်ပိုင်းတွင် မြစ်ရေများမြင့်တက်လျက်ရှိသောကြောင့် ဧရာဝတီမြစ်ကျောတလျှောက် ရှိမြို့များတွင် မြစ်ရေများမြင့်တက်နိုင်သည့်အတွက် ထူးခြားမြစ်ရေသတိပေးချက်အား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဧပြီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးလှထွန်း က “ဧရာဝတီမြစ်ရေက မတ်လကုန်လောက်ကတည်းကစပြီး မြစ်ရေတွေ မြင့်တက်လာတာပါ။ ဧရာဝတီမြစ်အထက်ပိုင်းက လက်ရှိက မိုးကဆက်ရွာနေတယ်။ မြစ်ရေက ဆက်တက်ဖို့ရှိပါတယ်။ အရင်ကလည်းနွေရာသီမှာ မြစ်ရေတက်တာတွေရှိတယ်။နည်းနည်းချင်းမြစ်ရေတက်တာမဟုတ်ပဲ အခုလို တခါတည်းနဲ့ လေး၊ငါး၊ခြောက်ပေလောက်မြင့်တက်တာမျိုးတော့ မရှိဘူး။ဒါကြောင့်ထူးခြားမြစ်ရေ အခြေအနေဆိုပြီး ထုတ်ပြန်ရတာဖြစ်တယ်’’ ဆင်ဟွာသို့ ယနေ့ ဧပြီ ၆ ရက်တွင်ပြောသည်။

ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ဧပြီ ၅ ရက် တွင် တိုင်းထွာချက်အရ ယင်းမြို့တွင် (၆၂၀)စင်တီမီတာသို့ ရောက်ရှိခဲ့ကာ ဧပြီလ (၂)ရက်နေ့မှ (၃)ရက်နေ့အတွင်း (၈)ပေခွဲခန့်မြင့်တက်ခဲ့ပြီး၊ ဧပြီ(၄)ရက်နေ့တွင် (၄)ပေခန့် ပြန်လည်ကျဆင်းခဲ့ကြောင်း အဆိုပါမြစ်ရေသည် ဧပြီ(၅)ရက်နေ့တွင် (၉)ပေခန့် ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေများသည် နောက်(၁)ရက်မှ (၃)ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့နှင့် ကသာမြို့တို့တွင် (၈)ပေမှ (၉)ပေခန့်၊ နောက်(၇)ရက်အတွင်း သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် (၁၀)ပေမှ (၁၂)ပေခန့်၊ နောက်(၁၀)ရက်အတွင်း ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့နှင့် အောင်လံမြို့တို့တွင် (၈)ပေမှ (၁၀)ပေခန့်၊ နောက်(၁၃)ရက်အတွင်း ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၆)ပေမှ (၇)ပေခွဲခန့် လက်ရှိရေမှတ်များ အထက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

“ဒါကြောင့် မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘောတွေအနေနဲ့ ဂရုပြုသင့်ပါတယ်။ သဲသောင်ခုံတွေမှာ စိုက်ပျိုးနေထိုင်ကြသူတွေအနေနဲ့ မြစ်ရေမြင့်တက်ပြီး မြစ်ရေတိုးလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ရုတ်တရက်မြစ်ရေမြင့်တက်လာနိုင်မှု ကို အထူးဂရုပြုဖို့လိုပါတယ်။ မိုးကဆက်ရွာနေရင်မြစ်ရေက ဆက်တက်မယ့်အခြေအနေကလည်း ရှိနေပါတယ်’’ ဟုဦးလှထွန်းကဖြည့်စွက်ပြောကြားသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117