Connect with us

Environment, Disasters & Accidents

ဧရာဝတီတိုင်းဒေသကြီး၌ ငါးသလောက် ထိန်းသိမ်းရေးဘေးမဲ့ဧရိယာ ဖော်ဆောင်လျက်ရှိ

ရန်ကုန်မြစ်အတွင်း ငါးဖမ်းပိုက်ချနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး၌ ငါးသလောက် ထိန်းသိမ်းရေးဘေးမဲ့ဧရိယာ ဖော်ဆောင်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဆင်ဟွာသို့ ယနေ့ ဧပြီ ၈ ရက်တွင်ပြောသည်။

ဦးမျိုးတင့်ထွန်းက “ငါးသလောက်က အခုလက်ရှိအနေအထားမှာ မျိုးတုံးလုနီးပါးဖြစ်နေတယ်။ သယံဇာတမျိုးစိတ်၊ ဒေသမျိုးရင်းတွေ ထိန်းသိမ်းဖို့ က ငါးလုပ်ငန်းဦးစီးဌာနရဲ့ အဓိကတာဝန်ပေါ့လေ။ ရေရှည်မှာလည်း အဓိကကတော့ စားနပ်ရိက္ခာပေါ့။ ပြည်တွင်းစားနပ်ရိက္ခာနဲ့ ပြည်ပတင်ပို့နိုင်ဖို့အတွက် ရေသယံဇာတတွေ မပြောင်းလဲအောင် ထိန်းသိမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ရတာ ဖြစ်ပါတယ်’’ ဟုပြောသည်။

တိုးမြစ်ကြောင်း၊ ဘိုကလေးမြစ်ကြောင်း၊ ပြန်မလော့မြစ်ကြောင်းနှင့် ရွေးမြစ်ကြောင်း စသည့် မြစ်ကြောင်း ၄ ခုရှိ ဧကပေါင်း ၂၃၃၈.၈ဧက ၌ ငါးသလောက်ထိန်းသိမ်းရေး ဘေးမဲ့ဧရိယာ ၁၁ နေရာကို သတ်မှတ်ဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရသည်။

“ဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့ ငါးသလောက်ပေါက်ဖွားမှုနှုန်း ပိုတက်လာမှာ ဖြစ်ပါတယ်။ဒါကို ထိန်းသိမ်းသွားရင် ငါးသလောက်က ဈေးကွက်မှာ ဝင်ငွေလည်း ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်’’ ဟု ဦးမျိုးတင့်ထွန်းက ဖြည့်စွက်ပြောကြားသည်။

လက်ရှိတွင် ငါးသလောက်ငါးမျိုးများ ထိန်းသိမ်းရေးအတွက် ငါးသလောက် မဖမ်းဆီးရ ဘေးမဲ့နေရာများနှင့် ငါးသလောက်မဖမ်းဆီးရ ကာလများ သတ်မှတ်ရေးအတွက် မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေနှင့် ရေချိုငါးလုပ်ငန်းဥပဒေ စသည်တို့နှင့်အညီ အမိန့်ကြော်ငြာစာများထုတ်ပြန်ထားကြောင်း ဦးမျိုးတင့်ထွန်းက ဆိုသည်။ (Xinhua)