Connect with us

Videos

ပူတင်နှင့်ဘိုင်ဒန်တို့ နှစ်နိုင်ငံ ဆက်ဆံရေး, အီရန်အရေး အွန်လိုင်းမှ တွေ့ဆုံဆွေးနွေး

မော်စကို၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဒီဇင်ဘာ ၇ ရက်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံ၍ ယူကရိန်းနိုင်ငံအခြေအနေနှင့် နှစ်နိုင်ငံဆက်ဆံရေးပြဿနာများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုနေ့က ကျင်းပသော အစည်းအဝေးသည် ၂ နာရီခန့်ကြာမြင့်ကြောင်း အိမ်ဖြူတော်သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖော်ပြသောအချက်အလက်များအရ သိရသည်။အစည်းအဝေးအပြီးတွင် အိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ ဘိုင်ဒန်က အမေရိကန်နှင့် ၎င်း၏ဥရောပမဟာမိတ်များသည် ရုရှားနှင့် ယူကရိန်းနယ်စပ်ဒေသများတွင် ရုရှား၏ စစ်ရေးဖြန့်ကျက်မှု အားကောင်းလာခြင်းအပေါ် အလွန်စိုးရိမ်ကြောင်း၊ အကယ်၍ ရုရှားက စစ်ရေးအရ အရှိန်မြှင့်လုပ်ဆောင်ပါက အမေရိကန်နှင့် ၎င်း၏မဟာမိတ်များထံမှ ပြင်းထန်သော စီးပွားရေး ပိတ်ဆို့အရေးယူမှုများနှင့် အခြားတုံ့ပြန်ဆောင်ရွက်မှုများကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အမေရိကန်က ထောက်ခံကြောင်း၊ ရုရှားနှင့် ယူကရိန်းတို့အား တင်းမာမှုများ ဖြေလျှော့ရန်နှင့် ယူကရိန်းအရေးကို သံတမန်ရေးရာနည်းလမ်းဖြင့်ဖြေရှင်းမှု ပြန်လည်စတင်ရန် တောင်းဆိုကြောင်း ဘိုင်ဒန်က ထပ်လောင်းပြောကြားခဲ့သည်။

ကရင်မလင်ဝဘ်ဆိုဒ်၏ဒီဇင်ဘာ ၇ ရက်ထုတ်ပြန်သည့် သတင်းအရ ဗွီဒီယိုကွန်ဖရင့်အစည်းအဝေးတွင် ပူတင်နှင့် ဘိုင်ဒန်တို့သည် နှစ်နိုင်ငံခေါင်းဆောင်များကြား ဂျီနီဗာဆွေးနွေးပွဲရလဒ်များ အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ ယူကရိန်းနိုင်ငံအခြေအနေ၊ အီရန်နျူကလီးယားကိစ္စ၊ ဆိုက်ဘာအချက်အလက်လုံခြုံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ၊ ထို့ပြင် ယူကရိန်းအကျပ်အတည်းနှင့် Minsk သဘောတူညီချက် အကောင်အထည်ဖော်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

ပူတင်က ယူကရိန်းအရှေ့ပိုင်း အခြေအနေများ တိုးမြင့်လာမှုအပေါ် ရုရှားကို အပြစ်မတင်သင့်ကြောင်း၊ နေတိုးမဟာမိတ်အဖွဲ့သည် ယူကရိန်းပိုင်နက်ကို သိမ်းပိုက်ရန် ကြိုးစားနေပြီး ရုရှားနယ်စပ်အနီးတွင် ၎င်း၏စစ်ရေးအင်အား ဆက်လက်တိုးချဲ့နေကြောင်း၊ နေတိုးသည် အရှေ့ဘက်သို့ တိုးချဲ့ခြင်းနှင့် ရုရှား၏ အိမ်နီးချင်းနိုင်ငံများတွင် ထိုးစစ်ဆင်သည့် လက်နက်စနစ်များ ဖြန့်ကျက်ခြင်းမှ တားဆီးရန် ယုံကြည်စိတ်ချရသော တရားဝင်အာမခံချက်များ ရရှိရန် ရုရှားက မျှော်လင့်ကြောင်း သတင်းအချက်အလက်များအရ သိရသည်။

ပူတင်က ရုရှားနှင့် အမေရိကန်ကြား လက်ရှိနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် မျှော်လင့်ထားသည်ထက် အားနည်းကြောင်း၊ အဓိကအားဖြင့် နှစ်နိုင်ငံ သံတမန်တာဝန် ဆောင်ရွက်မှုတွင် အခက်အခဲများ ပေါ်လွင်နေကြောင်းနှင့် ၎င်းမှာ အမေရိကန်၏ တစ်ဖက်သတ်လုပ်ဆောင်ချက်ကြောင့်သာဖြစ်ကြောင်း၊ သံတမန်မစ်ရှင်များ၏ ပုံမှန်လည်ပတ်မှုအပေါ် ကန့်သတ်ချက်များကို ရုပ်သိမ်းရန် ရုရှားက အဆိုပြုထားပြီး ယင်းက နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍများကို ပုံမှန်ဖြစ်စေရန် ကူညီပေးမည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။

မကြာသေးမီက ရုရှား-ယူကရိန်း ဆက်ဆံရေးသည် ပိုမိုဆိုးရွားလာခဲ့ပြီး နှစ်ဖက်စလုံးသည် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်နှင့် လက်နက် အများအပြား ချထားခဲ့ကြောင်း၊ရုရှားက ရုရှား-ယူကရိန်းနယ်စပ်တွင် အကြီးစားတပ်များစုရုံးခဲ့ပြီး ရုရှားသည် ယူကရိန်းကို ကျူးကျော်ရန် ပြင်ဆင်နေသည်ဟု အမေရိကန်နှင့် ယူကရိန်းတို့က ဆိုသည်။ ရုရှားဘက်မှ ယင်းစွပ်စွဲမှုအပေါ် ငြင်းဆိုထားကြောင်း သိရသည်။(Xinhua)

………………
(English Version)
GLOBALink | Putin, Biden discuss Ukraine, bilateral ties, Iran during online talk

U.S. President Joe Biden and Russian President Vladimir Putin Tuesday held a video call on a range of bilateral issues as well as the Ukrainian crisis and the Iran nuclear deal #GLOBALink

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.