Connect with us

Local

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ရင်းနှီးမြှပ်နှံမှု အကျိုးအမြတ်အခွင့်အလမ်းများ ရှာဖွေဖော်ထုတ်ရန် Myanmar Connect 2015 ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင်က Myanmar Connect 2015 ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများ နှင့် အကျိုးအမြတ် အခွင့်အလမ်းများ ရှာဖွေ ဖော်ထုတ် နိုင်ရေးများ ပြုလုပ်သွားရန် တတိယ အကြိမ်မြောက် Myanmar Connect 2015 ထိပ်သီး ဆွေးနွေးပွဲ ကို စက်တင်ဘာလ ၁၅ ရက်မှ စတင်၍ နေပြည်တော်ရှိ MICC ခန်းမ၌ ပြုလုပ်ခဲ့သည်။

Myanmar Connect 2015 ဆွေးနွေးပွဲကို ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီးနောက် ယခု ဆွေးနွေးပွဲတွင် နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္မဏီများ အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေကို သိနားလည်ပြီး လာမည့် အနာဂတ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ ဖြေလျော့ပေးမှုများမှာ မြင်သာသည့် ရလဒ် ကောင်းများစွာ ထွက်ပေါ်လာသည်များကို မြင်တွေ့ရပြီ ဖြစ်ကြောင်း ၊ ဆက်သွယ်ရေး လိုင်စင်ရ မိုဘိုင်း အော်ပရေတာ ကုမ္ပဏီ သုံးခုသည် မြန်မာနိုင်ငံ၏ မြို့ပြ ၊ ကျေးလက်နေ ပြည်သူလူထု လူဦးရေ ၆၀ ရာခိုင်နှုန်းကျော် လွှမ်းခြုံထားနိုင်ပြီး လာမည့်နှစ်တွင် လူဦးရေ ၈၀ ရာခိုင်နှုန်းအထိ လွှမ်းခြုံနိုင်မည်ဟု မျှော်လင့်ရကြောင်း ၊ ဆက်သွယ်ရေး ကဏ္ဍတွင် ပိုမို ယှဉ်ပြိုင်မှုများ ပြင်းထန်လာတော့မည် ဖြစ်ပြီး စိန်ခေါ်မှုများလည်း ရှိလာတော့မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လုပ်ငန်းစဉ် အားလုံးကို ခြုံငုံမိစေရန်နှင့် အလားအလာရှိပြီး အမြတ်အစွန်း ရနိုင်မည့် အခွင့်အလမ်းအားလုံးကို ရှာဖွေ ဖော်ထုတ်နိုင်ရေးများကို ပြုလုပ်သွားမည်ဖြစ်ပြီး ခေတ်မီ ဆက်သွယ်ရေး ကဏ္ဍမှ ပေးစွမ်းနိုင်မည့် မြန်မာနိုင်ငံ၏ လူမှု စီးပွား အကျိုးအမြတ် ဆိုင်ရာများကို နှစ်ရက်ကြာ ဆွေးနွေးသွားမည်ဟု သိရသည်။

Myanmar Connect 2015 ဆွေးနွေးပွဲ မြင်ကွင်း (ဆင်ဟွာ)

ထို့ပြင် ဆက်သွယ်ရေး ကဏ္ဍတွင် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် မိုဘိုင်းလ် အော်ပရေတာ နေရာအတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် အကျိုးအမြတ်ဆိုင်ရာ အခွင့်အလမ်းများကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင် နှင့် Ooredoo Myanmar မှ အလုပ်အမှုဆောင် အရာရှိဖြစ်သူ Rene Meza နှင့် အခြားသော ဆက်သွယ်ရေး ကဏ္ဍမှ အကြီးအကဲများက ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေး မိုဘိုင်းလ် ကွန်ရက် လုပ်ငန်း Telenor နှင့် Ooredoo တို့မှ ဈေးကွက်ထဲသို့ ဝင်ရောက်ပြီး တစ်နှစ်အကြာတွင် ပြည်တွင်း ကုမ္ပဏီများကို နိုင်ငံတကာ အဖွဲ့အစည်း နှင့်အတူ ပူးပေါင်း၍ မြန်မာနိုင်ငံ၏ စတုတ္ထမြောက်နှင့် နောက်ဆုံးဖြစ်သော မိုဘိုင်းလ် အော်ပရေတာ နေရာအတွက် တင်ဒါ ဖိတ်ခေါ်ခြင်း အစီအစဉ်တွင် ပြည်တွင်း ကုမ္ပဏီပေါင်း ၁၇ ခု ပါဝင် စာရင်းသွင်း ထားကြပြီး တင်ဒါအောင်မြင်သော ပြည်တွင်း ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီ လုပ်ငန်းစုအား စက်တင်ဘာလ မကုန်မီတွင် ကြေညာ ပေးသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ မိုဘိုင်းလ် ဆက်သွယ်ရေး ပြိုင်ဆိုင်မှု ပထမနှစ် အတွင်းတွင် မြန်မာနိုင်ငံလူဦးရေ ၅၁ သန်းကျော်တွင် မိုဘိုင်းလ် ဖုန်းကိုင်ဆောင်သူ ၈၇.၄ ရာခိုင်နှုန်း တိုးပွားလာခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုဘိုင်းလ် ကွန်ယက် ထိုးဖောက်မှု ၁၉.၉ ရာခိုင်နှုန်း အထိ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးနှစ် နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ငန်းများ ပြိုင်ဆိုင်မှုများ အကြောင်းကို ဆွေးနွေးခြင်းနှင့် အနာဂတ်ဖွံ့ဖြိုးရေး လုပ်ငန်းများ အပေါ်တွင် လိုင်စင် ရှိထားသော မိုဘိုင်းလ် ကွန်ရက် လုပ်ငန်း သုံးခု ဖြစ်သည့် MPT/KDDI/Sumitomo Corporation မှ အမှုဆောင် အရာရှိချုပ် Takashi Nagashima ၊ Ooredoo မြန်မာ မှ အလုပ်အမှုဆောင် အရာရှိချုပ် Rene Meza နှင့် တယ်လီနော မြန်မာ မှ အမှုဆောင် အရာရှိချုပ် Petter Furberg တို့က ၎င်းတို့၏ အတွေးအမြင်များကို မျှဝေ သွားမည်ဟု သိရသည်။

နောက်ဆုံး ထုတ်ပြန်ထားသည့် ဆက်သွယ်ရေး လိုင်စင် လျှောက်ထားခြင်း စည်းမျဉ်းစည်းကမ်း များကြောင့် ဖြစ်ပေါ်လာသည့် ဖြစ်နိုင်ဖွယ်ရာများ၊ အခွင့်အလမ်းများနှင့် အကန့်အသတ်များ အပါအဝင် မြန်မာ့ ဆက်သွယ်ရေး လိုင်စင် လျှောက်ထားရာတွင် မည်သို့ လျှောက်လှမ်းရမည် ဆိုသည်များကို VDB Loi မှ Partner ဖြစ်သူ Edwin Vanderbruggen က ဆွေးနွေးသွားမည် ဖြစ်သည်။

မြန်မာနှင့် ကမ္ဘာ တစ်ဝှမ်း ချိတ်ဆက်မှု တိုးတက်ရေးကို ရည်ရွယ်သည့် အနာဂတ် စီမံကိန်းများနှင့် ပတ်သက်သည့် အမြင်များကို Campana Group မှ အမှုဆောင် အရာရှိချုပ် ဒေါက်တာ ဦးမျိုးမြင့်အုန်း ၊ Orange Carriers LLC မှ အမှုဆောင် အရာရှိချုပ် Alexandre Pébereau ၊ VNPT International မှ ဒုတိယ မန်နေဂျင်း ဒါရိုက်တာ Ho Cong Lam တို့က လေ့လာ သုံးသပ် ဆွေးနွေးကြမည် ဖြစ်သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် အတူ ပူးပေါင်း ကျင်းပခဲ့သည့် Myanmar Connect 2014 တွင် အဖွဲ့အစည်း ၁၃၉ ဖွဲ့ မှ ၃၁၄ ဦး တက်ရောက်ခဲ့ပြီး နိုင်ငံတကာ အော်ပရေတာများ လက်ရှိ မြန်မာနိုင်ငံ ဆက်သွယ်ရေး ဆိုင်ရာ ကဏ္ဍအကြောင်း သိမြင်ရန်နှင့် ယင်း၏ ဖွံ့ဖြိုး တိုးတက်ရေး မြင်ကွင်း အလာအလာများကို အကဲဖြတ်ရန် အတွက် တစ်မူထူးသော အခွင့်အလမ်းများ ပေးခဲ့သည်ဟု ဆိုသည်။ (Xinhua)