Connect with us

CHINA

ဟောင်ကောင်တွင် COVID-19 စစ်ဆေးစမ်းသပ်မှုအတွက် ကြိုတင်စာရင်းပေးသူ ၈၀၀,၀၀၀ နီးပါးရှိ

ဟောင်ကောင် Queen Elizabeth အားကစားရုံရှိ COVID-19 စစ်ဆေးသည့်နေရာအားတွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ၏ COVID-19 စမ်းသပ်စစ်ဆေးမှုအတွက် စက်တင်ဘာ ၂ ရက် ညနေပိုင်းအထိ ဟောင်ကောင်ဒေသခံ ၈၀၀,၀၀၀ နီးပါး ကြိုတင်စာရင်းပေးသွင်းခဲ့ကြကြောင်း သိရသည်။ဒေသခံ ၂၇၈,၀၀၀ ဦးသည် စက်တင်ဘာ ၁ ရက်က လူထုအားလုံးပါဝင်သည့် ရောဂါစစ်ဆေးမှုအစီအစဉ် (UCTP) စတင်ကတည်းက စမ်းသပ်မှု လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

UCTP အစီအစဉ်အရ နမူနာ ၄၉,၀၀၀ ခန့်ကို စစ်ဆေးခဲ့ကြောင်း အစိုးရက ဆိုသည်။

UCTP သည် ရပ်ကွက်အတွင်းရှိ ရောဂါလက္ခဏာမပြသော COVID-19 လူနာများကို ခွဲခြားရန်နှင့် နောက်ထပ်ရောဂါကူးစက်မှုများကို ရပ်တန့်စေရန် ရည်ရွယ်ထားကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဒေသခံများအားလုံးအနေဖြင့် ရောဂါစစ်ဆေးမှုတွင် ပါဝင်ကြရန်နှင့် ဗိုင်းရပ်စ်ကူးစက်မှုများကို အတူတကွ တိုက်ဖျက်ရန်နှင့် သို့မှသာ နေ့စဉ်လူနေမှုဘဝများနှင့် စီးပွားရေးလုပ်ငန်းများ ဖြည်းဖြည်းချင်း ပုံမှန်စတင်ရန် လွယ်ကူစေမည် ဖြစ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

ဗဟိုအစိုးရသည် ဟောင်ကောင်၏ ရောဂါစစ်ဆေးရေးစွမ်းဆောင်မှု မြှင့်တင်ရန် ကျန်းမာရေးဆိုင်ရာ အရင်းအမြစ်များနှင့် ပညာရှင်များ စေလွှတ်ခြင်းဖြင့် UCTP ကို ကျောထောက်နောက်ခံပြုပေးထားခြင်း ဖြစ်သည်။

ဟောင်ကောင်သို့ စက်တင်ဘာ ၂ ရက်က ကျန်းမာရေးအဖွဲ့ဝင် ၈၉ ဦး ထပ်မံရောက်ရှိခဲ့ရာ ဟောင်ကောင်၌ ကူးစက်ရောဂါ တိုက်ဖျက်ရေး ကူညီရန် တရုတ်နိုင်ငံ ပြည်မကြီးမှ ကျန်းမာရေး အထောက်အကူပြုအဖွဲ့ဝင် ၃၀၀ ကျော် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

UCTP  ၏ နမူနာများကို စစ်ဆေးရန်အတွက် ပြည်မကြီး ရောဂါစမ်းသပ်ရေး ဝန်ဆောင်မှုပေးသည့် BGI က တည်ဆောက်ထားသော “Fire Eye Laboratory” က တာဝန်ယူထားကြောင်း သိရသည်။ အဆိုပါ ဓာတ်ခွဲခန်းသည် တစ်ရက်လျှင် nucleic acid စစ်ဆေးမှု ၁၀၀,၀၀၀ ပြုလုပ်နိုင်ပြီး ရောဂါစစ်ဆေးမှု နည်းလမ်းများ အတူတကွပေါင်းစပ်မှုကို အသုံးပြုပါက ၅၀၀,၀၀၀ အထိ တိုးချဲ့စစ်ဆေးပေးနိုင်ကြောင်း သိရသည်။  (Xinhua)