Connect with us

INTERNATIONAL ORGANIZATION

ကိုရိုနာဗိုင်းရပ်စ်အစွမ်း လျော့မသွားသေး၊ ကာကွယ်ထိန်းချုပ်မှုများက အရေးကြီးနေဆဲဖြစ်ကြောင်း WHO ပြောကြား 

ရုရှားနိုင်ငံ မော်စကိုမြို့ COVID-19 ရောဂါကူးစက်ခံသည့် ကလေးငယ်များအား လက်ခံကုသပေးနေသည့်ဆေးရုံရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား တွေ့ရစဉ်(ဆင်ဟွာ) (ဆင်ဟွာ)

ဂျီနီဗာ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

နိုဗယ်ကိုရိုနာဗိုင်းရပ်၏ ကူးစက်မှုနှင့် ရောဂါဖြစ်ပွားစေနိုင်သည့်အစွမ်းသည် လျော့ကျသွားခြင်းမရှိသေးကြောင်း၊ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို အားဖြည့်ဆောင်ရွက်ခြင်းသည် ကပ်ရောဂါပြန့်ပွားမှုကို ကာကွယ်သည့် အရေးကြီးသော့ချက်ဖြစ်နေဆဲဖြစ်ကြောင်း WHO ကျန်းမာရေးဆိုင်ရာ အရေးပေါ် စီမံကိန်း နည်းပညာဆိုင်ရာ တာဝန်ခံ Maria Van Kerkhoveက ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ် အစွမ်းလျော့ကျသွားပြီဆိုသည့် သတင်းများအပေါ် Maria Van Kerkhoveက ဇွန် ၁ ရက် ဂျီနီဗာ WHOရုံးချုပ်တွင် ကျင်းပသည့် ဗွီဒီယို သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုင်းရပ်စ်ကို ချိန်ဆသည့် ကူးစက်မှုနှင့် ရောဂါဖြစ်ပွားစေနိုင်မှုသည် လက်ရှိ ကိန်းဂဏန်းများအရ ပြောင်းလဲမှုမရှိသေးကြောင်း Maria Van Kerkhoveက ဆိုသည်။ကာကွယ်ထိန်းချုပ်သည့်နည်းလမ်းများက ဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးရာတွင် အကျိုးသက်ရောက်စေကြောင်း၊ ရောဂါ စစ်ဆေးခြင်း ၊ လူနာနှင့်တကွ ၎င်းနှင့်အနီးကပ်ထိတွေ့သူများအား ခြေရာခံကာ သီးခြား ခွဲထားခြင်း ၊ လူမှုအသိုက်အဝန်းတစ်ခုလုံးပါဝင်အောင် ဆောင်ရွက်ခြင်း၊ ရောဂါဖြစ်ပွားကြောင်း စောစောသိရှိ စောစောကုသပေးခြင်း စသည့် နည်းလမ်းများကသာ ရောဂါပိုးအန္တရာယ်ကို လျော့ပါးစေနိုင်သည့် အရေးကြီးသော့ချက်ဖြစ်ကြောင်း ၊ ကောင်းမွန်စွာမလုပ်ဆောင်ပါက ကိုရိုနာဗိုင်းရပ်စ်သည် လူကိုဆက်လက်ကူးစက်နေမည်ဖြစ်ကြောင်းနှင့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၀ ရာခိုင်နှုန်းသည်လည်း ရောဂါပြင်းထန်သည့်အခြေအနေကို ရောက်ရှိနိုင်ကြောင်း ၎င်းက သတိပေး ပြောကြားခဲ့သည်။ 

ကမ္ဘာကြီးသည် ဝိညာဉ်နှုတ်သည့် ဗိုင်းရပ်စ်ကို ရင်ဆိုင်နေရဆဲဖြစ်ပြီး သူ့ကြောင့် နေ့စဉ်လူထောင်ချီသေဆုံးနေရဆဲဖြစ်ကြောင်း ၊ မရေမတွက်နိုင်သောဝန်ထမ်းပေါင်းများကလည်း ရောဂါပိုးပြန့်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းဆောက်ရွက်နေရဆဲဖြစ်ကြောင်း  WHO ကျန်းမာရေး ဆိုင်ရာ အရေးပေါ် စီမံကိန်း အလုပ်အမှုဆောင် ဒါရိုက်တာ Dr.Michael Ryan ကဆိုသည်။ 

ခြုံငုံပြောရလျှင် ကမ္ဘာတစ်ဝန်း ဒေသအသီးသီးက ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများဆောင်ရွက်နေသောကြောင့် လူများ ရောဂါပိုးနှင့်ထိတွေ့မှုပမာဏ အကြိမ်အရေအတွက်ကို အောင်မြင်စွာလျော့ချနိုင်ခြင်းဖြစ်ကြောင်း ၊ အမှန်စင်စစ် ကာကွယ်ထိန်းချုပ်ခြင်း ဆောင်ရွက်မှုများ ပို၍ ကောင်းမွန်လာခြင်းကြောင့်သာဖြစ်ပြီး ဗိုင်းရပ်စ်ရောဂါပိုး အစွမ်းလျော့သွားခြင်းမဟုတ်ကြောင်း ၊လက်ရှိတွင် ကံကောင်းမှာပဲဟူသော စိတ်မထားသင့်ကြောင်းနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားရန် လိုအပ်သေးကြောင်း ၎င်း က ဆိုသည်။ 

WHO သိပ္ပံပညာရှင် အကြီးအကဲ Sumia swaminathan က နိုဗယ်ကိုရိုနားဗိုင်းရပ်စ် မျိုးရိုးဗီဇ အစီအစဉ်၏ အချက်အလက်များကို တစ်ကမ္ဘာလုံးရှိ သိပံ္ပပညာရှင်များသည် အမြဲမျှဝေလျက်ရှိပြီး ဗိုင်းရပ်စ်၏ ပြောင်းလဲပုံနှင့်သက်ရောက်ပုံကို  စဉ်ဆက်မပြတ်စောင့်ကြည့်လျက်ရှိရာ လက်ရှိအနေဖြင့် ဗိုင်းရပ်စ်၏ ကူးစက်မှုနှင့် ရောဂါဖြစ်ပွားမှုဆိုင်ရာ မည်သည့် ပြောင်းလဲမှုကိုမျှ မတွေ့ရှိရသေးကြောင်း  ယင်းနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။  (Xinhua)