Connect with us

WORLD

COVID-19 တိုက်ဖျက်ရေး ကူညီရန် တရုတ်နိုင်ငံမှ လှူဒါန်းသော ပထမအသုတ် ဆေးဘက်ဆိုင်ရာပစ္စည်းများ ခီရီဘာတီနိုင်ငံ လက်ခံရရှိ

ခီရီဘာတီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ထန်းဆုန့်ကိန်း (ဝဲ) နှင့် ခီရီဘာတီနိုင်ငံ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု ဝန်ကြီး Taunaei Marea (ယာ) တို့အား ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနား၌ တွေ့ရစဉ် (ဓာတ်ပုံ- ခီရီဘာတီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး)

ဆစ်ဒနီ၊ မေ ၂ ရက် (ဆင်ဟွာ)

ခီရီဘာတီနိုင်ငံတွင် COVID-19 တိုက်ဖျက်ရေးအတွက် ကူညီရန် တရုတ်နိုင်ငံ၏ အကူအညီတစ်စိတ်တစ်ပိုင်းအဖြစ် ပထမအသုတ် ဆေးဘက်ဆိုင်ရာ အထောက်အကူပစ္စည်းများကို ခီရီဘာတီနိုင်ငံက မေ ၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ ထောက်ပံ့ပစ္စည်းများတွင် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းများ၊ အကာအကွယ်ဝတ်စုံများ၊ လက်အိတ်များ၊ ရေကာလေကာမျက်မှန်များနှင့် အနီအောက်ရောင်ခြည်သုံး အပူချိန်တိုင်းကိရိယာများ ပါဝင်ပြီး အခြားပစ္စည်းများလည်း လမ်းခရီးတွင် ပို့ဆောင်လျက်ရှိကြောင်း ခီရီဘာတီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် ထန်းဆုန့်ကိန်းက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

လှူဒါန်းပစ္စည်းလွှဲပြောင်းခြင်းအခမ်းအနား၌ ခီရီဘာတီနိုင်ငံ မြို့တော် တာရာဝါသို့ လေကြောင်းခရီးစဉ်များအားလုံး ရပ်နားထားသည့်အတွက် ကုန်တင်သင်္ဘောများဖြင့် အထောက်အပံ့ပစ္စည်းများ ပို့ဆောင်ရာတွင် အခက်အခဲများကို ကျော်လွှားခဲ့ရကြောင်း ထန်းက ပြောခဲ့သည်။

“ဒါက ခီရီဘာတီနိုင်ငံမှ ပြည်သူတွေအပေါ်ထားရှိတဲ့ ကျွန်တော်တို့ရဲ့ လေးနက်တဲ့ဂရုစိုက်မှုနဲ့ တရုတ်-ခီရီဘာတီ ဆက်ဆံရေးအပေါ် ခိုင်မာတဲ့ ကတိကဝတ်ကို ပြသခြင်းလည်းဖြစ်ပါတယ်။ လူသားမျိုးနွယ် ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခုတည်းတွင် နေထိုင်ခြင်းဖြင့် တရုတ်နိုင်ငံက COVID-19 တိုက်ဖျက်ရေးတွင် ခီရီဘာတီနိုင်ငံနှင့် အခြားနိုင်ငံများနှင့်အတူ အမြဲရပ်တည်၍ တတ်နိုင်သမျှ ထောက်ပံ့မှုများ ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု ထန်းက ဆိုသည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ခီရီဘာတီနိုင်ငံ ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု ဝန်ကြီး Taunaei Marea က ခီရီဘာတီနိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ကိုယ်စား တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)