Connect with us

WORLD

ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို COVID-19 ရောဂါကူးစက်ခံရကြောင်း ကြေညာ

ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရိုအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရို (Jair Bolsonaro) က ၎င်းတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ဇူလိုင် ၇ ရက်တွင် ကြေညာခဲ့သည်။ ဘိုဆိုနာရိုသည် ဇူလိုင် ၇ ရက်တွင် ကိုယ်အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ရှိခြင်း၊ ချောင်းဆိုးခြင်းနှင့် ခေါင်းကိုက်ခြင်း အပါအဝင် ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ဘရာဇီးနိုင်ငံ စစ်ဆေးရုံတွင် စစ်ဆေးမှုခံယူခဲ့သည်ဟု ဆိုသည်။ 

၎င်းသည် ယခုတစ်ပတ်အတွင်း ဘာဟိုင်းနှင့် မီးနက်စ် ဂျီရော်ရိုက်စ် ပြည်နယ်များသို့ သွားရောက်ရန် စီစဉ်ထားသည့် ခရီးစဉ်များအား ပယ်ဖျက်ခဲ့ကြောင်း Agencia Brasil နိုင်ငံပိုင်သတင်းအေဂျင်စီအရ သိရသည်။ သမ္မတသည် အသက် ၆၅ နှစ်ရှိပြီဖြစ်ရာ COVID-19 ရောဂါအတွက် အန္တရာယ်ရှိသောအုပ်စုတွင် ထည့်သွင်းခြင်းခံထားရသည်။ ဘိုဆိုနာရိုသည် ရှေ့ဆက်စီးပွားရေးလှုပ်ရှားမှုအတွက် စည်းရုံးလှုံ့ဆော်မှုလုပ်ဆောင်နေခဲ့ပြီး ၎င်းသည် အများပြည်သူမြင်ကွင်းတွင် နှာခေါင်းစည်းမတပ်ဘဲ သွားလာနေသည်ကို မကြာခဏတွေ့ရှိခဲ့ရသလို လူချင်းခပ်ခွာခွာနေရမည်ကိုလည်း အလေးထားခြင်းမရှိကြောင်း သိရသည်။ 

ဘရာဇီး သမ္မတသည် ဝါရှင်တန်ခရီးစဉ်အတွင်း ၎င်းတွေ့ဆုံခဲ့သည့် ကိုယ်စားလှယ်အဖွဲ့ဝင်နှင့် လူပုဂ္ဂိုလ် ၂၀ ဦးတွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မတ်လအတွင်း စမ်းသပ်စစ်ဆေးမှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ကနဦးတွင် ဘိုဆိုနာရိုသည် ရောဂါပိုးမတွေ့ရှိကြောင်းသာ ပြောကြားရင်း စစ်ဆေးမှုရလဒ်များကို ပြည်သူအား ထုတ်ဖော်ပြောရန် ငြင်းဆိုထားကြောင်း၊ နောက်ဆုံးတွင် ဘရာဇီးနိုင်ငံ တရားရုံးချုပ်က စစ်ဆေးမှုရလဒ်များသည် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဖြစ်ပြီး ထုတ်ဖော်ပြောကြားရမည်ဟု အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 

ဘရာဇီးနိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံပြီးလျှင် COVID-19 ဖြစ်ပွားသူ ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည်။ နိုင်ငံတစ်ဝန်း ဇူလိုင် ၇ ရက်အထိ COVID-19 ရောဂါဖြစ်ပွားသူ အတည်ပြုလူနာ ၁,၆၂၃,၂၈၄ ဦးနှင့် သေဆုံးသူ အရေအတွက် ၆၅,၀၀၀ ဦးရှိကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.