Connect with us

WORLD

တရုတ်နိုင်ငံက အမေရိကန်နိုင်ငံအား COVID-19 နှင့်ပတ်သက်၍ မဟုတ်မမှန် သွားပုတ်လေလွင့် ပြောဆိုမှုကို ရပ်တန့်ရန် တိုက်တွန်း

တရုတ်နိုင်ငံ အလံ နှင့် အမေရိကန်နိုင်ငံအလံတို့အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက အမေရိကန် အိမ်ဖြူတော် ကုန်သွယ်ရေး အကြံပေးပုဂ္ဂိုလ်  Peter Navarro အား ၎င်း အနေဖြင့် သိပ္ပံနည်းကျနှင့် အချက်အလက်ကို လေးစားရန် ၊ ပြည်သူများ၏ ကောင်းကျိုးထက် နိုင်ငံရေးအကျိုးအမြတ်ရှေ့တန်းတင်သည့် မှားယွင်းစွာကျင့်သုံးမှုကို ဆောင်ကြဉ်ရန် နှင့် COVID-19 နှင့် ပတ်သတ်၍ မဟုတ်မမှန် သွားပုတ်လေလွင့် ပြောဆိုနေသည့် ကောလာဟလ အလိမ်အညာများဖြင့်  ကမ္ဘာအား လှည့်စားနေမှုအား ရပ်တန့်ရန်  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇူလိုင် ၆ ရက်တွင် ပြောကြားလိုက်သည်။ 

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်း(Zhao Lijian)က အမေရိကန် အရာရှိတစ်ဦး၏ ကပ်ရောဂါအမည်နာမတွင် တရုတ်နိုင်ငံအား သွားပုတ်လေလွင့် ထပ်တလဲလဲ မဟုတ်မမှန်ပြောဆိုနေမှုအပေါ် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ အထက်ပါအတိုင်း တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်အား တွေ့ရစဉ်(ဆင်ဟွာ) 

“အိမ်ဖြူတော် ကုန်သွယ်ရေး အကြံပေးပုဂ္ဂိုလ် Navarro ဟာ လိမ်လည်ပြောဆိုတာ အကျင့်ပါနေသူ တစ်ဦး ဖြစ်ပြီး ကပ်ရောဂါအကြောင်းပြချက်အောက်မှာ တရုတ်နိုင်ငံကို မဟုတ်မမှန်သွားပုတ်လေလွင့် အပြစ်တင်ဖို့ နိုင်ငံရေး ဗိုင်းရပ်စ်ပိုးဖြန့်ဝေနေတဲ့ ကောလာဟလဖြန့်ချိသူတစ်ဦး ဖြစ်ပါတယ်။”ဟု ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ပြောကြားခဲ့သည်။ 

COVID-19 ရောဂါဖြစ်ပွားကတည်းက တရုတ်အစိုးရအနေဖြင့် ရောဂါပျံ့နှံမှုကို ထိန်းချုပ်ရန် ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး အစီအမံများအားလုံး မခြွင်းမချန်ကို တိကျခိုင်မာစွာ အပြည့်စုံဆုံး လုပ်ဆောင်ခဲ့ကြောင်း နှင့် ဗိုင်းရပ်စ် ကူးစက်မှုဖြစ်နိုင်သော လမ်းကြောင်းများကို ထိရောက်စွာ ဖြတ်တောက်ခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဆိုသည်။ 

အမေရိကန်နိုင်ငံ၌ အတည်ပြုလူနာ တစ်ဦးထဲ ရှိနေချိန် ဇန်နဝါရီ ၂၃ ရက်က တရုတ်နိုင်ငံ ဟူပေပြည်နယ် မြို့တော် ဝူဟန်မြို့၌ ပြင်ပသယ်ယူပို့ဆောင်ရေးကို ယာယီရပ်ဆိုင်းခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက ဆက်လက်ပြောကြားခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်တွင် အဓိက အမေရိကန်နိုင်ငံလေကြောင်းလိုင်း သုံးခုအား အမေရိကန် နိုင်ငံ နှင့် တရုတ်နိုင်ငံ အကြား တိုက်ရိုက်ပျံသန်းမှုကို ရပ်ဆိုင်းခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် အမေရိကန် နိုင်ငံ၌ အတည်ပြုလူနာ ၁၀ ဦးကျော် ရှိလာချိန်တွင် အမေရိကန်က တရုတ်နိုင်ငံနှင့် ကူးသန်းသွားလာမှုကို ပိတ်ပင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

ဝူဟန်မြို့အား Lockdown ပြုလုပ်ထားသည့် ဇန်နဝါရီ ၂၄ ရက်မှ ဧပြီ ၈ ရက်အထိ အချိန်ကာလအတွင်း တရုတ်နိုင်ငံအတွင်းရှိအခြားမြို့ကြီးများ သို့မဟုတ် နိုင်ငံရပ်ခြားတိုင်းပြည်များသို့ ဝူဟန်မြို့မှ ထွက်ခွာမည့် စီးပွားဖြစ် လေကြောင်းလိုင်း သို့မဟုတ် ရထားလိုင်းများ မရှိတော့ကြောင်း ကျောက်လိကျန်းက ထပ်မံ၍ မှတ်ချက်ပြုခဲ့သည်။ 

သို့ရာတွင် အမေရိကန်နိုင်ငံ၌ အတည်ပြုလူနာသည် ဆယ်ဂဏန်းရှိခဲ့ရာမှ  ဧပြီ ၈ ရက်တွင် အဆပေါင်းများစွာ မြင့်တက်ကာ ၄၀၀,၀၀၀ ခန့်ထိရောက်ရှိသွားခဲ့ကြောင်း နှင့် ယခုအခါတွင် လူနာအရေအတွက်မှာ ၂ ဒသမ ၈၇ သန်းကျော်ရှိပြီး သေဆုံးသူအရေအတွက်မှာ ၁၃၀,၀၀၀ နီးပါး ရှိလာကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ အနေဖြင့် အဓိက မဟာဗျူဟာမြောက် တိုးတက်မှု ရရှိခဲ့ပြီး ရောဂါကူးစက်မှုသစ်များကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့ကြောင်း ကျောက်လိကျန်းက ဆိုသည်။

“အမေရိကန်နိုင်ငံကို ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့ မကူညီနိုင်လောက်အောင်ဖြစ်သွားပြီ ၊ ဒါပေမယ့် မေးချင်တယ်။ အမေရိကန်နိုင်ငံက ဘာတွေ လုပ်ခဲ့လဲ ၊ ဘယ်လိုတွေ လုပ်ခဲ့လဲ။ အခြားသူတွေကို အပြစ်တင်ပြောဆိုနေတာတွေဟာ ဘယ်အချိန်ကြမှ ရပ်တံ့မလဲ” ဟု ၎င်းက ပြောကြားခဲ့သည်။ 

ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက အိမ်ဖြူတော် ကုန်သွယ်ရေး အကြံပေးပုဂ္ဂိုလ် Navarro ၏ “တရုတ်ဆန့်ကျင်ရေးစိတ် ၊ အပြစ်ဖို့ခြင်း ၊ လိမ်ညာခြင်း”သဘောရှိသည်ကို ကမ္ဘာက မြင်တွေ့ခဲ့ပြီး ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ၏ ပုံရိပ်ကို ယိုယွင်းစေရန် အမေရိကန် အရာရှိတစ်ဦးသည် သူ့ကိုသူ“Ron Vara” ဟူ၍ ကျွမ်းကျင်သူ တစ်ဦး အမည်ဖြင့် လုပ်ကြံ ပြောဆိုနေသည်ကို သတိပြုမိကြောင်း ပြောကြားခဲ့သည်။ 

အိမ်ဖြူတော် ကုန်သွယ်ရေး အကြံပေးပုဂ္ဂိုလ် Navarro အနေဖြင့် အမေရိကန်နိုင်ငံ၌ ရောဂါအသစ် ဖြစ်ပွားမှုသည် ကမ္ဘာပေါ်ရှိ အခြားမည်သည့်နေရာထက်မဆို ပို၍ မြင့်မားနေရခြင်းနှင့်ပတ်သက်၍ MSNBC ဌာန၏ မေးခွန်းကို ပထမဆုံး အဖြေပေးသင့်ကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ 

“သူ့အနေနဲ့ မှန်ကန်စွာ စဉ်းစားမှု တစ်ချို့လုပ်ပြီးတော့ နိုင်ငံတကာအသိုင်းအဝန်းက မေးမြန်းထားတဲ့ အမေရိကန် အစိုးရရဲ့ Fort Detrick ဇီဝဓာတ်ခွဲခန်း ပိတ်လိုက်ရတဲ့ နောက်ကွက်က အကြောင်းပြချက်အမှန်က ဘာလဲ။” “အဲဒီမှာ EVALI , ရာသီတုပ်ကွေး နှင့် COVID-19 နဲ့ ပတ်သတ်တာ တစ်ခုခု လုပ်ဖို့ ရှိလား။””အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါဇစ်မြစ်ကို စစ်ဆေးဖို့ နိုင်ငံတကာ အဖွဲ့အစည်း သို့မဟုတ် WHO ကျွမ်းကျင်ပညာတွေ ဘယ်တော့လောက် ဖိတ်ခေါ်နိုင်မလဲ။?ဆိုတဲ့ မေးခွန်းတွေကို ဖြေသင့်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက “ကျွန်တော်တို့အနေနဲ့ အိမ်ဖြူတော် ကုန်သွယ်ရေး အကြံပေးပုဂ္ဂိုလ် Navarro နဲ့ သူ့လိုလူတွေကို သိပ္ပံနည်းကျနဲ့ အချက်အလက်တွေကို လေးစားဖို့ ၊ အနည်းဆုံး တာဝန်ယူမှု တစ်ချို့ ရှိဖို့ ၊ ပြည်တွင်းမှာ ကပ်ရောဂါတိုက်ဖျက်ရေး အားထုတ်မှုတွေကို လုပ်ဖို့နဲ့ လူအသက်တွေကို ပထမဆုံး ကယ်ဖို့ ၊ ပြည်သူတွေရဲ့ ကောင်းကျိုးထက် နိုင်ငံရေး အကျိုးအမြတ်ရှိဖို့ မှားယွင်းတဲ့ လုပ်ဆောင်မှုတွေကို ငြင်းပယ်ဖို့ နဲ့ ကောလာဟလ နဲ့ အလိမ်အညာ ပြောဆိုခြင်းနဲ့ ကမ္ဘာကို လှည့်ဖြားနေတာတွေ ရှောင်ကြဉ်ဖို့ ပဲ တိုက်တွန်းပါတယ်။”ဟု ကျောက်လိကျန်းက တုံ့ပြန်ပြောကြားခဲ့သည်။ (Xinhua)