Connect with us

WORLD

အမေရိကန်နိုင်ငံက WHO ရန်ပုံငွေကို ကုလသမဂ္ဂ အခြားထည့်ဝင်ငွေအဖြစ် ပြောင်းလဲသုံးစွဲမည်ဟုဆို

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်အပြင်ဘက်မြင်ကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အတွက် ထည့်ဝင်ထားသော ရန်ပုံငွေကို အခြား ကုလသမဂ္ဂအတွက် ထည့်ဝင်ငွေများအဖြစ် ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ပြီး ယင်းအဖွဲ့၌ အမေရိကန် ပါဝင်မှုကို လျှော့ချသွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။ 

“ဒီကနေ့ အမေရိကန်အနေနဲ့ WHO ကနေ နုတ်ထွက်ခြင်း နောက်အဆင့်များနဲ့ အမေရိကန်ရဲ့ အရင်းအမြစ်တွေကို ပြောင်းလဲအသုံးပြုဖို့ ကြေညာလိုက်ပါတယ်။ ဒီလို ရန်ပုံငွေ ပြောင်းလဲအသုံးပြုတာမှာ ၂၀၂၀ ပြည့်နှစ် ဘဏ္ဍာနှစ်မှာ WHO ကို ထောက်ပံ့ဖို့ စီစဉ်ထားတဲ့ ကျန်ရှိနေတဲ့ လက်ကျန်ငွေကို အခြား ကုလသမဂ္ဂ ပေးသွင်းငွေတွေဆီ တစ်စိတ်တစ်ပိုင်းပေးသွင်းဖို့ ပြောင်းလဲစီစဉ်တာလည်း ပါဝင်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တွင် ပြောကြားထားသည်။ 

ထို့ပြင် ဝါရှင်တန်အနေဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လနောက်ဆုံး WHO နှင့် ဆက်စပ်မှုကို အပြီးတိုင်လျှော့ချသွားမည် ဖြစ်ကြောင်း၊ “WHO ရုံးချုပ်၊ ဒေသဆိုင်ရာရုံးများနှင့် ဌာနေရုံးမှ ကျန်းမာရေးနှင့် လူသားဆိုင်ရာဝန်ဆောင်မှုများဌာန (HHS) ဝန်ထမ်းများကို ပြန်လည်ခေါ်ယူကာ ကျွမ်းကျင်ပညာရှင်များကို အခြားနေရာ၌ ပြန်လည်ခန့်အပ်သွားခြင်းများ” ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ 

WHO နည်းပညာဆိုင်ရာ အစည်းအဝေးများနှင့် ပွဲများတွင် အမေရိကန်၏ ပါဝင်မှုများကိုမူ တစ်ခုချင်းစီ အခြေခံကျကျဆုံးဖြတ်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

WHO အတွက် အမေရိကန်နိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်အတွက် ထည့်ဝင်ရန်ကျန်ရှိသော ခွဲတမ်းငွေ အမေရိကန်ဒေါ်လာ ၆၂ သန်းခန့်နှင့် ၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်က ပေးသွင်းရမည့်ကျန်ငွေ ဒေါ်လာ ၁၈ သန်းတို့ကို ပေါင်းကာ ကုလသမဂ္ဂသို့ ပုံမှန်ပေးဆောင်ရန်ငွေအဖြစ် ပြောင်းလဲထည့်ဝင်သွားမည် ဖြစ်ကြောင်း နိုင်ငံတကာ အဖွဲ့အစည်းရေးရာဗျူရို ဒုတိယ လက်ထောက် နိုင်ငံခြားရေးအတွင်းဝန် Nerissa Cook က ပြောခဲ့သည်။ 

WHO ရန်ပုံငွေများကို ပြောင်းလဲအသုံးပြုရန် အမေရိကန်၏ လုပ်ဆောင်ချက်သည် ကျင့်ဝတ်နှင့်သွေဖည်ကာ ဥပဒေနှင့်ဆန့်ကျင်လျက်ရှိကြောင်း၊ အမေရိကန်အနေဖြင့် WHO မှ မနုတ်ထွက်မီ ငွေကြေးထည့်ဝင်မှုများအားလုံးကို ပေးဆောင်သင့်ကြောင်း Georgetown တက္ကသိုလ် အမျိုးသားနှင့် ကမ္ဘာ့ ကျန်းမာရေးဥပဒေဆိုင်ရာ O’Neill Institute ညွှန်ကြားရေးမှူး Lawrence Gostin က တွစ်တာပေါ်၌ ရေးသားထားသည်။ 

အမေရိကန်နိုင်ငံသည် ဇူလိုင်လတွင် WHO မှ နုတ်ထွက်ကြောင်း တရားဝင်အကြောင်းကြားစာအား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံသို့ ပေးပို့ခဲ့ပြီး ၎င်းနုတ်ထွက်မှုသည် ၂၀၂၁ ခုနှစ် ဇူလိုင် ၆ ရက်တွင် အသက်ဝင်လာမည် ဖြစ်သည်။ 

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏အစိုးရတို့သည် WHO အပေါ် လများစွာ ထပ်ခါတလဲလဲ ဝေဖန်ပြစ်တင်ခဲ့သည်။ 

ထရမ့်အစိုးရအနေဖြင့် COVID-19 ရောဂါတုံ့ပြန်မှုကို လွဲမှားစွာကိုင်တွယ်သည်ဟူသော ပြစ်တင်မှုများကို ရှောင်လွှဲရန် ကြိုးစားခြင်းနှင့် ပြည်သူ့ကျန်းမာရေးအကျပ်အတည်းကို ဖြေရှင်းရန် လမ်းလွှဲခြင်းဖြစ်သည်ဟု  ကျွမ်းကျင်သူများနှင့် ဒီမိုကရက်များက ဝေဖန်ခဲ့သည်။ 

အမေရိကန်နိုင်ငံတွင် COVID-19 ဖြစ်ပွားသူ ဦးရေစုစုပေါင်းမှာ စက်တင်ဘာ ၃ ရက်တွင် ၆.၁ သန်း ကျော်သွားပြီဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း သေဆုံးသူအရေအတွက်မှာ ၁၈၆,၀၀၀ ဦး ကျော်ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ စာရင်းအရ သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.