Connect with us

WORLD

ယခုနှစ် အတွင်း အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ ၄၁၀,၀၀၀ ရှိနိုင်မည် ဟု အမေရိကန် သုတေသန အဖွဲ့အစည်း တစ်ခု က ခန့်မှန်း

အမေရိကန် ၌ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ် အတွင်း နှာခေါင်းစည်း တပ်၍ သွားလာ လှုပ်ရှားနေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် ရောက်ရှိချိန်တွင် အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ ၄၁၀,၀၀၀ သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံ ဝါရှင်တန် တက္ကသိုလ် ကျန်းမာရေး ဆိုင်ရာ စာရင်းပြုစုမှု သုတေသန အကယ်ဒမီ ၏ နောက်ဆုံးထုတ်ပြန်ခဲ့သော COVID-19 ကပ်ရောဂါ ဆိုင်ရာ ကြိုတင်ခန့်မှန်းချက်အရ သိရှိရသည်။

အဆိုပါ အဖွဲ့အစည်း ၏ စက်တင်ဘာ ၃ ရက် ၌ ထုတ်ပြန်ခဲ့သော ကြိုတင်ခန့်မှန်းချက် တွင် ရာသီဥတု အခြေအနေ နှင့် ပြည်သူလူထု တို့ ၏ COVID-19 ရောဂါ အပေါ် အလေးထား ဂရုစိုက်မှု လျော့ကျလာသည် နှင့် အလျောက် အမေရိကန် နိုင်ငံ တွင် ဒီဇင်ဘာလ ၌ တစ်ရက် အတွင်း COVID-19 ရောဂါကြောင့် သေဆုံးသူ ၃ ထောင်ကျော် အထိ ရောက်ရှိလာနိုင်ဖွယ် ရှိကြောင်း ၊ လာမည့်နှစ် ဇန်နဝါရီလ ၁ ရက် တွင် အမေရိကန် နိုင်ငံ ၌ COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၄၁၀,၀၀၀ အထိ ရောက်ရှိလာမည် ဖြစ်ပြီး လက်ရှိချိန် မှ နှစ်ကုန်ချိန် အထိ COVID-19 ရောဂါ ကြောင့် သေဆုံးသူ ၂၂၅,၀၀၀ တိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း ၊ သို့သော် အမေရိကန် နိုင်ငံ အနေဖြင့် နှာခေါင်းစည်း တပ်ဆင်ရမည့် အမိန့်ကြေညာချက် ကို တင်းကျပ်စွာ ဆောင်ရွက်ပါက နှစ်ကုန်ချိန် တွင် သေဆုံးသူ  စုစုပေါင်းမှာ ၂၈၈,၀၀၀ ခန့်သာ ရှိမည် ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် မည်သည့် ကြိုတင်ကာကွယ်မှုလုပ်ငန်း မှ မဆောင်ရွက်ပါက သေဆုံးသူ က ၆၂၀,၀၀၀ အထိ ရောက်ရှိလာနိုင်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ကြေညာချက် တွင် အမေရိကန် နိုင်ငံ ၌ နှာခေါင်းစည်း အသုံးပြုမှု က သြဂုတ်လဆန်း ပိုင်း အချိန်တွင် အမြင့်ဆုံး သို့ ရောက်ရှိခဲ့ပြီးနောက် အသုံးပြုမှု ပြန်လည် ကျဆင်းလာကြောင်း ၊ အထူးသဖြင့် အမေရိကန် နိုင်ငံ အလယ်ပိုင်း နှင့် အနောက်ပိုင်း ဒေသ များတွင် နှာခေါင်းစည်း အသုံးပြုမှု က သိသာထင်ရှားစွာ ကျဆင်းလာကြောင်း ပါဝင် ခဲ့သည်။

အမေရိကန် နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် ၏ စက်တင်ဘာ ၄ ရက် ညနေပိုင်း အချိန်တွင် ထုတ်ပြန် ခဲ့သည့် ကြေညာချက်အရ အမေရိကန် နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၆.၁၇၆ သန်းကျော် အထိ ရောက်ရှိလာခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၈၇,၀၀၀ ကျော် အထိ ရောက်ရှိလာကြောင်း သိရှိရသည်။  (Xinhua)