Connect with us

Education & Health

မြန်မာနိုင်ငံတွင် အသက် ၉ နှစ် မှ ၁၀ နှစ်အတွင်း မိန်းကလေး ၄၅၀,၀၀၀ ကျော်ကို သားအိမ်ခေါင်းရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိ

ကာကွယ်ဆေးထိုးနေသော ကလေးငယ်တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် အသက် ၉ နှစ် မှ ၁၀ နှစ်အတွင်း မိန်းကလေး ၄၅၀,၀၀၀ ကျော်ခန့်ကို သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (အိတ်ချ်ပီဗီ (Human Papillomavirus Vaccine – HPV) ကာကွယ်ဆေး) ကို ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်၏ (၁၃) ခု မြောက်သော ရောဂါကာကွယ်ဆေးအဖြစ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ (၂၀) ရက်မှ စတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အခမဲ့ထည့်သွင်းထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက “လတ်တလောမှာ မိမိအိမ်တွင်နေထိုင်ရေး Stay at home အစီအစဉ်မှာ အကျုံးဝင်တဲ့ မြို့နယ်တွေမှာတော့ စတင်ထိုးနှံခြင်းမပြုသေးပါဘူး။ Stay at home အစီအစဉ်ပယ်ဖျက်ပြီးတာနဲ့တစ်ပြိုင်နက် သက်ဆိုင်ရာမြို့နယ်တွေမှာ စတင်ထိုးနှံသွားမှာဖြစ်ပါတယ်။ ကျွန်မကတော့ အားလုံးသေချာလေးထိုးစေချင်ပါတယ်။ မိန်းကလေးတွေအတွက် တကယ့်အကျိုးရှိမှာဖြစ်ပါတယ်’’ ဟု ဆင်ဟွာသို့ အောက်တိုဘာ ၂၁ ရက်တွင်ပြောသည်။

စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ပါကလည်း ကျောင်းအခြေပြုကာကွယ်ဆေးထိုးအစီအစဉ်များတွင် စတင်ထိုးနှံသွားမည်ဖြစ်ပါကြောင်း၎င်းကဆိုသည်။မြန်မာနိုင်ငံ၌ ယခုစတင်ထိုးနှံမည့် သားအိမ်ခေါင်းရောဂါကာကွယ်ဆေးသည် သားအိမ်ခေါင်း ရောဂါဖြစ်ပွားစေသည့် အိတ်ချ်ပီဗီ (HPV) ရောဂါပိုး (၄) မျိုးကိုကာကွယ်နိုင်သော လေးမျိုးစပ် ကာကွယ်ဆေးဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့တောင်အာရှနိုင်ငံများတွင် (၅) နိုင်ငံမြောက် အဖြစ်လည်းကောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် (၆) နိုင်ငံမြောက်အဖြစ်လည်းကောင်း သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို တစ်ပြည်လုံးအတိုင်းအတာဖြင့် ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်း ထိုးနှံနိုင်ခြင်းလည်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကို ထိုးနှံပေးခြင်းအားဖြင့် သားအိမ်ခေါင်း ကင်ဆာရောဂါ ဖြစ်ပွားမှုများ လျော့နည်းသွားမည့်အပြင် လိင်အင်္ဂါကြွက်နို့ရောဂါ အပါအဝင်အိတ်ချ်ပီဗီ (HPV) ရောဂါပိုးကြောင့် ဖြစ်ပွားသောရောဂါများကို ပါကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုလျော့နည်းလာပါက ရောဂါကြောင့် ဝေဒနာခံစားရမှုများ၊ လူမှု-စီးပွားထိခိုက်ပျက်စီးမှုများ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ အရွယ်မတိုင်မီ သေဆုံးမှုများ သိသာထင်ရှားစွာလျော့နည်းသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.