Connect with us

Environment, Disasters & Accidents

နိုင်ငံတစ်ဝန်း လေပြင်းဘေးအန္တရာယ်ကြောင့် နှစ်ဦး သေဆုံး ၊ ခြောက်ဦး ဒဏ်ရာရရှိ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မေ၄ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦ ပျက်စီးမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ မေ ၁၁ ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝန်း ယခုနှစ် မိုးကြိုကာလ ဖြစ်သည့် ဧပြီ ၉ ရက်မှ မေ ၁၀ ရက် အထိ လေပြင်းဘေးအန္တရာယ်ကြောင့် လူနှစ်ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ခြောက်ဦး ရှိကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ယနေ့ ပြောကြားခဲ့သည်။ 

လေပြင်းဘေးအန္တရာယ်ကြောင့် သေဆုံးသွားသူ နှစ်ဦးမှာ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ဖြစ်ပြီး ဒဏ်ရာ ရရှိခဲ့သူ ခြောက်ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး ၊ ရှမ်းပြည်နယ် နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ဖြစ်ကြောင်း ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“မိုးကြိုကာလ မေလလောက် အထိ လေပြင်းတိုက်တာ ၊ မိုးကြိုးပစ်တာ ၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာတာ ၊ တစ်ခါတစ်ရံ မိုးသီးကြွေတာတွေက သတိထားရမယ်။”ဟု ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆက်လက်ပြောကြားခဲ့သည်။ 

နိုင်ငံတစ်ဝန်း လေပြင်းဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ ၄၀၀ ခန့် ရှိပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ ၆,၆၀၀ ခန့်နှင့် ဘာသာရေး အဆောက်အဦ ၁၃၅ လုံးခန့် တစ်စိတ်တစ်ပိုင်း ပျက်စီးမှုရှိကြောင်း ၊ ဖြစ်ပွားမှု အများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီး၌ ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် လေပြင်းတိုက်ခတ်မှုများကြောင့် ပျက်စီးဆုံးရှူံးမှုများအား စုစုပေါင်း ငွေကျပ် ၃၃၅ သန်းကျော် ထောက်ပံ့ပေးထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လေ့ရှိပြီး ပြည်သူလူထုအနေဖြင့်လည်း ယခုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းတို့နှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်ကြရန်နှင့် သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.