Connect with us

Environment, Disasters & Accidents

၂၀၂၀ပြည့်နှစ် မိုးရာသီ မိုးရွာသွန်းမှု ပုံမမှန်သည့် အစွန်းရောက်ဖြစ်စဉ်များဖြစ်နိုင်ကြောင်းဆို 

၂၀၁၈ ခုနှစ်တွင် ရန်ကုန်မြို့၌ မိုးရွာသွန်းပြီးနောက် ရေကြီးမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ် မိုးရာသီသည် ယခင် မိုးနည်းသည့် နေရာများတွင် မိုးများနိုင်ကြောင်း၊  မိုးများသည့် နေရာများတွင်  မိုးနည်းနိုင်ကြောင်း၊ မိုးရွာသွန်းမှု ပုံမမှန်တာမျိုးဖြစ်နိုင်ပြီး ပုံမှန် မဟုတ်သည့် အစွန်းရောက်ရာသီဥတုဖြစ်စဉ်များ ဖြစ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ ယနေ့ မေ ၆ ရက်တွင်ပြောကြားခဲ့သည်။

ဦးလှထွန်းက “မိုးရွာရက်ကနည်းမယ်။ဒါပေမယ့် ရတဲ့ မိုးရေချိန်ကကျတော့  ရွာသွန်းမြဲ မိုးရေချိန် ပမာဏ (သို့မဟုတ်) ပုံမှန်ထက်များမယ်။ ရာသီဥတုအစွန်းရောက်အခြေအနေမျိုးတွေပေါ့ ဖြစ်နိုင်တယ်’’ ဟုပြောသည်။အနောက်တောင်မုတ်သုံလေသည် မေ ၁၆ မှ ၂၁ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊ မေ ၂၂ ရက်မှ ၂၇ရက် အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊ မေ (၂၈)ရက်နေ့မှ ဇွန် (၂)ရက် အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် ဇွန် ၃ ရက်မှ ၈ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများ သို့ ဝင်ရောက်နိုင်ချေရှိကြောင်း သိရသည်။ဦးလှထွန်းက “မြန်မာတစ်နိုင်ငံလုံးကို ဇွန် ၃ ရက် ကနေ ၈ ရက်အတွင်း အနောက်တောင်မုတ်သုံလေ က ဝင်ရောက်ပါပြီ။ အောက်တိုဘာ ဒုတိယပတ် လောက်မှာတော့ အနောက်တောင်မုတ်သုံလေ ပြန်လည် ဆုတ်ခွာနိုင်ပါတယ်’’ ဟုပြောသည်။

မိုးဦးကာလ

မိုးဦးကာလသည် အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံအတွင်းသို့ စတင်ဝင်ရောက်သည့်နေ့မှ ဇွန်လကုန်ထိ ဖြစ်ကြောင်း၊  မိုးဦးကာလအတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ယင်းကာလအတွင်း အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်းလည်း သိရသည်။ 

မိုးလယ်ကာလ 

 မိုးလယ်ကာလသည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်(၁)ရက် မှ သြဂုတ်လကုန်အထိ ဖြစ်ကြောင်း၊ မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ (၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း နှင့် ယင်းကာလအတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့်မှ အားကောင်းနိုင်ကြောင်း သိရသည်။

မိုးနှောင်းကာလ 

မိုးနှောင်းကာလသည် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ (၁)ရက် မှ အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိဖြစ်ကြောင်း သိရသည်။ မိုးနှောင်းကာလ အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ကာ (၁)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။ 

ဦးလှထွန်းက “မိုးတွင်းတစ်တွင်းလုံးကိုခြုံကြည့်ရင် မိုးရေချိန် လက်မ ကလျော့မသွားဘူး။ ဒါပေမယ့် မိုးရွာသွန်းမှု ပုံစံတွေ ပြောင်းမယ်။ တစ်ချို့ နေရာတွေမှာ ရေကြီးမှု တွေ၊ မြေပြိုမှု တွေ ဖြစ်နိုင်တယ်။ ဒါကြောင့် မိုးဇလရဲ့ ထုတ်ပြန်ချက် တွေ ကိုစဉ်ဆက်မပြတ်ကြည့်ပေးစေချင်ပါတယ်’’ ဟုပြောသည်။မိုးတွင်းကာလ တွင် ဖြစ်သည့် မုန်တိုင်းများသည် မြန်မာ့ကမ်းရိုးတန်းကို ဖြတ်လေ့ မရှိကြောင်း ဦးလှထွန်း ၏ ဖြည့်စွက်ပြောကြားချက်အရ သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.