Connect with us

Environment, Disasters & Accidents

ဖားကန့်မြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ် အလုံး ၂၀ မြေစာများနှင့်အတူ မျောပါပျက်စီး

ဖားကန့် မြို့ နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေမျှောချောင်း တိုက်စားမှု အခြေအနေအား တွေ့ ရစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ဆိပ်မူ ကျေးရွာအုပ်စု ၊ ကရင်ချောင်ကျေးရွာ၌ ဇူလိုင် ၃၀ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်အလုံး ၂၀ မှာ မြေစာများ နှင့် အတူ မျောပါပျက်စီးခဲ့သဖြင့် ရေဘေးသင့်ပြည်သူ ၄၅ ဦးအား ယာယီ နေရာများသို့ပြောင်းရွှေ့ခဲ့ရကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။

ကရင်ချောင်ကျေးရွာ ၊ ရပ်ကွက်(၃) အတွင်းရှိ လူနေအိမ်အလုံး ၂၀ မှာ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းရာမှ အထက်စဖွေ ရေမျှောချောင်း တိုက်စားမှုကြောင့် မွန်းလွဲပိုင်း အချိန်တွင် မြေစာများနှင့် အတူ မျောပါ ပျက်စီးခဲ့ကြောင်း သိရသည်။

နေအိမ်ပျက်စီး ဆုံးရှုံးခဲ့ရသည့် အိမ်ထောင်စု ၂၀ မှ ရေဘေးသင့်ပြည်သူ စုစုပေါင်း ၄၅ ဦးတို့အား ကရင်ချောင် ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ယာယီပြောင်းရွှေ့နေရာချထားပြီး တာဝန်ရှိသူများက ကူညီထောက်ပံ့မှုများ ပေးထားကြောင်း သိရသည်။

ထို့အတူ ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာအနီးတွင် ကုမ္ပဏီလုပ်ကွက်ဟောင်း ရေမျှောချောင်းအတွင်း (ဒေသအခေါ် သံလွင်ဧရာ မျှောချောင်း) ဖားပြင်ကျေးရွာ၊ ရပ်ကွက်(၃)တွင်နေထိုင်သူ တစ်ဦးမှာ ရေမဆေးကျောက် ရှာဖွေနေချိန် ရေစီးနှင့်အတူမျောပါပျောက်ဆုံးခဲ့ပြီး ၎င်းအား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ပြင် သံလွင်ဧရာ ရေမျှောချောင်းတိုက်စားမှုကြောင့် မမုံကျေးရွာနှင့်စွတ်အောင်ကျေးရွာသွား မြေသားလမ်း၊ အထက် မက်လင်ချောင် ကျေးရွာနှင့် ရှမ်းစုကျေးရွာသွား မြေသားလမ်းများ ပျက်စီး ခဲ့ရပြီး ဉရုချောင်း အတွင်း စီးဝင်သည့် ရှရော်ခချောင်းလက်တက် ရေတိုက်စားမှုကြောင့် ဖားပြင်ကျေး ရွာနှင့်ဆန်းကြွယ်ကျေးရွာသွား ကွန်ကရစ် တံတားမြေထိန်းဘောင်များ ပျက်စီးခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.