Connect with us

Environment, Disasters & Accidents

မိုးကြိုကာလ မေလတွင် မိုးရွာသွန်းမှု လျော့နည်းနိုင်၍ ပူပြင်း ခြောက်သွေ့ ၊ ရေရှားပါးခြင်းတို့ပိုမို ကြုံတွေ့နိုင်ဟု မိုး/ဇလ ထုတ်ပြန်

မြန်မာနိုင်ငံအတွင်း ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းပြ ဇယား အားတွေ့ရစဉ် (ဓာတ်ပုံ- မိုးဇလ)

ရန်ကုန် ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အရှေ့ပိုင်း၊ မြစ်ဝ ကျွန်းပေါ်နှင့် တောင်ပိုင်း ဒေသများတွင် မိုးကြိုကာလ ဖြစ်သော မေလတွင် မိုးရွာသွန်းမှု လျော့နည်းနိုင်သဖြင့် ပူပြင်း ခြောက်သွေ့ခြင်း၊ ရေ ရှားပါးခြင်းတို့ကို ပိုမိုကြုံတွေ့နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့သတင်းထုတ်ပြန် အကြံပြုထားသည်။

အနောက်တောင် မုတ်သုံလေ မြန်မာနိုင်ငံသို့ ဝင်ရောက်မှု နောက်ကျခြင်း ၊ မိုးဦး ကာလတွင် မိုးရွာသွန်းမှု လျော့နည်းခြင်း စသည့် အခြေအနေများ ဖြစ်ပေါ် နိုင်သဖြင့် စိုက်ပျိုးရေး ကဏ္ဍတွင် ရေရရှိရေး အတွက် အခက်အခဲများ ဖြစ်ပေါ်လာနိုင်သဖြင့် စိုက်ပျိုးရေ ရရှိရေး၊ ရေပေးဝေရေး၊ သောက်သုံးရေ ဖူလုံရေး၊ လျှပ်စစ်မီး ရရှိရေး ၊ ကျန်းမာရေး ၊ ငါးလုပ်ငန်း ၊ ရေကြောင်း သွားလာရေး ၊ ခရီးသွားလုပ်ငန်း စသည့် ကဏ္ဍများတွင် ကြိုတင် ပြင်ဆင် နိုင်ကြရန် အကြံပြုထားကြောင်း သိရသည်။

အယ်နီညိုဖြစ်စဉ် အားလျော့လျက် ရှိသော်လည်း အကျိုးသက်ရောက်မှု အနေဖြင့် ၂၀၁၆ ခုနှစ်၊ (မေလ-ဇွန်လ-ဇူလိုင်လ) တို့တွင် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများ၌သာ ရွာသွန်းမြဲ (ပျမ်းမျှ) မိုးရေချိန်ထက် ပိုနိုင်ပြီး၊ ကျန်ဒေသများတွင် မိုးရွာသွန်းမှု လျော့နည်းကာ၊ အပူချိန်မှာလည်း ပျမ်းမျှ အပူချိန်တို့ထက် ပိုမိုနိုင်ကြောင်း သိရသည်။

ယခု အခါတွင် အယ်နီညို ဖြစ်စဉ်သည် ဆက်လက်အားလျော့ကာ ပုံမှန် (ကြားနေ) အ‌ခြေအနေသို့ ရောက်ရှိပြီးနောက် ၂၀၁၆ ခုနှစ်၊ မိုးလယ် ကာလနှင့် ဆောင်းရာသီ ကာလများတွင် လာနီညာ ဖြစ်စဉ်သို့ ပြောင်းလဲ သွားနိုင်သည့် အ‌ခြေအနေမှာ (၅၀) ရာခိုင်နှုန်းအထိ ရှိလာနေကြောင်း အယ်နီညို ဖြစ်စဉ်ကို စောင့်ကြည့်လျက်ရှိသည့် နိုင်ငံတကာ မိုးလေဝသနှင့် ရာသီဥတု ခန့်မှန်းရေး ဗဟိုဌာနများမှ ထုတ်ပြန်ထားကြောင်း ထည့်သွင်း ဖော်ပြထားသည်။ (Xinhua)