Connect with us

Environment, Disasters & Accidents

အယ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ သတိထားရမည့် အဆင့်တွင်ရှိနေ


ရန်ကုန်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ယခုနှစ် တွင် အယ်နီညိုဖြစ်နိုင်ခြေများလျက်ရှိပြီး အယ်နီညိုဖြစ်စဉ် နှင့် ပတ်သက်၍ သတိထားရမည့် အဆင့်တွင် ရှိနေ ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာကိုပြောသည်။

အယ်နီညိုဖြစ်နိုင်ခြေများအယ်နီညိုရာသီဥတု ဖြစ်နိုင်ခြေများနေသည့်အတွက် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ၎င်းဖြစ်စဉ်နှင့် စဉ်လျဉ်းသည့် ကြေညာချက်များအားစဉ်ဆက်မပြတ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။ဦးလှထွန်းက “အခုရေမျက်နှာပြင်အပူချိန်ကိုတိုင်းတဲ့ ဌာနတွေက တိုင်းတာချက်အရ အပူချိန် က ပုံမှန် အပူချိန်ထက်ဝ.၄ဒီဂရီစင်တီဂရိတ်ပိုနေတယ်။အပူချိန် ဝ.၅ ဒီဂရီစင်တီဂရိတ် ပိုလာရင် အယ်နီညိုဖြစ်ပြီလို့ပြောလို့ရတယ်။ အဲ့ဒီ့တော့ ဒီနှစ်က အယ်နီညိုဖြစ်ဖို့ အလားအလာကောင်းနေတယ်။ အယ်နီညိုဖြစ်ဖို့ ၃ လ ပျမ်းမျှအပူချိန် လိုတယ်ဆိုတော့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ လ အပူချိန်ပေါ်မူတည်ပြီး ပုံမှန်ထက် ဝ.၅ စင်တီဂရိတ် ဖြစ်ရင် အယ်နီညိုဖြစ်ပြီလို့ ပြောလို့ရသွားပြီ။’’ ဟုပြောသည်။

ရန်ကုန်မြို့၌ပူပြင်းသည့် အချိန်တွင် သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

သတိထားရမည့်အဆင့်

အယ်နီညိုဖြစ်စဉ်တွင် အဆင့်အမျိုးမျိုးရှိပြီး (Watch) စောင့်ကြည့်အဆင့် နှင့် Alert Level (သတိထားရမည့် အဆင့်) တို့ဖြစ်ကြောင်း သိရသည်။ဦးလှထွန်းက “အခုနှစ်အတွက် အယ်နီညို ဖြစ်စဉ်က သတိထားရမယ့် အဆင့် Alert Level မှာ ရှိနေတယ်။ ၂၀၁၀ က နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံးဖြစ်တဲ့ စံချိန်တင်တဲ့ အပူချိန် ဖြစ်ခဲ့တယ်။ အယ်နီညို ဖြစ်ရင် မေလမှာ မိုးမရွာပဲ အပူချိန် မြင့်နိုင်တယ်။ အယ်နီညိုရဲ့ နောက်ဆက်တွဲပြသနာအနေနဲ့ ရေရှားပါး ပြီး ကျန်းမာရေး ပြသနာ တွေ ရှိနိုင်တယ်။ နောက်ထပ် လည်း အယ်နီညို ဖြစ်စဉ် တွေကို ကျွန်တော်တို့ဌာန အနေနဲ့ ဆက်ပြီး ထုတ်ပြန်သွားဖို့ ရှိပါတယ်။’’ ဟုပြောသည်။

အားအနည်းငယ်မှ အသင့်အတင့် အယ်နီညို အဆင့်သို့ ရောက်ရှိနိုင်

၂၀၁၈-၂၀၁၉ခုနှစ် (နိုဝင်ဘာ-ဒီဇင်ဘာ-ဇန်နဝါရီ)လ (၃)လ ပျမ်းမျှပင်လယ် ရေမျက်နှာပြင် အပူချိန်သည် အားအနည်းငယ်မှ အသင့်အတင့် အယ်နီညို အဆင့်သို့ ရောက်ရှိအောင် ပူနွေးနိုင်ကြောင်း၊ သို့ဖြစ်ရာ အယ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန်အသိပေးအပ်ကြောင်း၊ အယ်နီညိုဖြစ်စဉ်အား ပြောင်းလဲမှုရှိပါက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

အယ်နီညိုဖြစ်နိုင်သည့် ရာခိုင်နှုန်း

မိုးလေဝသ ခန့်မှန်းချက်ပြမြေပုံအားတွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၈-၂၀၁၉ခုနှစ် (နိုဝင်ဘာ-ဒီဇင်ဘာ-ဇန်နဝါရီ)လအထိ အယ်နီညို ဖြစ်ပေါ်နိုင်မှုရာခိုင်နှုန်းမှာ (၈၄%) အထိရှိလာနိုင်ပြီး၊၂၀၁၉ ခုနှစ်၊ (ဇန်နဝါရီ-ဖေဖော်ဝါရီ-မတ်)လတွင် (၇၅%) နှင့် ၂၀၁၉ ခုနှစ်၊ (မတ်-ဧပြီ-မေ)လတို့တွင် (၅၇%)သို့ ပြန်လည် လျော့ကျလာ နိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

အယ်နီညို ဖြစ်စဉ်သည်၂၀၁၉ ခုနှစ် မေလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ကာ တဖြည်းဖြည်း အားလျော့သွားနိုင်ကြောင်း နိုင်ငံတကာ မိုးလေ၀ သနှင့် ရာသီဥတုခန့်မှန်းရေး ဗဟိုဌာနများမှ ထုတ်ပြန်ထားကြောင်း မိုးဇလ ၏ မှ ထုတ်ပြန်ခဲ့သည်။

အယ်နီညိုဖြစ်ပေါ်ရသည့်အကြောင်း

အီကွေတာပစိဖိတ်သမုဒ္ဒရာဒေသ၏ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့်ရေအောက်အပူချိန်များပုံမှန်ဖြစ်မြဲထက်ပိုမိုပူနွေးကာကမ္ဘာ့မြောက်ဘက်ခြမ်းနှင့်တောင်ဘက်ခြမ်းဒေသများမှကုန်သည်လေမှန်များ၏လေစီးနှုန်းပုံမှန်ထက်လျော့နည်းခြင်းနှင့်ပစိဖိတ်သမုဒ္ဒရာအရှေ့အနောက်လေထုဖိအားလွှဲချိန်ပြောင်းလဲမှုများဖြစ်ပေါ်ခြင်းစသည့်အခြေအနေများသည်အယ်နီညို(El nino)ရာသီဥတုဖြစ်စဉ်ဖြစ်ပေါ်ခြင်း နှင့်ဆက်စပ်နေသောလက္ခဏာများ ဖြစ်သည်။

ပုံမှန်အားဖြင့်(၇)နှစ်လျှင်တစ်ကြိမ်ခန့်ဖြစ်ပေါ်လေ့ရှိပြီး၊ခရစ်စမတ်ကာလများအတွင်းအားအကောင်းဆုံးဖြစ်တတ်ကာအချိန်ကာလအားဖြင့်(၁)ရာသီမှ(၁)နှစ်ခန့်အထိကြာမြင့်နိုင်ပြီးလေထု နှင့်သမုဒ္ဒရာအပြန်အလှန် အကျိုးသက်ရောက်စေလျက်ပုံမှန်ဖြစ်ပေါ်ရမည့်လေထုဆိုင်ရာလက္ခဏာများအပေါ် ပြောင်းပြန်အကျိုးသက်ရောက်မှုဖြစ်စဉ်ကိုအယ်နီညိုဟုသတ်မှတ်ကြသည်။

အယ်နီညိုဖြစ်သောနှစ်တွင်မုတ်သုံကာလ၌မုတ်သုံမိုးညံ့ပြီး၊မုတ်သုံလက္ခဏာများပျောက်နေခြင်း၊လေတိုက်ခတ်မှုပုံသဏ္ဍာန်ပြောင်းခြင်း၊ပျံကျမိုးများသာရွာခြင်း၊မိုးအားလျော့နည်းခြင်း၊မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ဖြစ်စေခြင်းစသည့်သက်ရောက်မှုများကိုခံစားရစေကြောင်း သိရသည်။

အယ်နီညိုရဲ့နောက်ဆက်တွဲ

ဦးလှထွန်းက “မြန်မာနိုင်ငံမှာမေလ လယ်ဆို မိုးရွာ တယ် ပုံမှန် ဆိုရင် မိုးစကျတယ်။ အယ်နီညိုဖြစ်ရင် မေလ မှ မိုးမရွာတော့ဘူး။ ဘာလို့ မိုးမကျလည်း ဆိုတော့ ပင်လယ်ရေမျက်နှာပြင်ရဲ့အပူချိန် ပုံမှန်ထက်မြင့်တက်တာ နဲ့ဆိုင်သလို သူ့အထက်မှာ ရှိတဲ့ လေထုရဲ့လှည့်ပတ်မှုနဲ့လည်းဆိုင်တယ်။ အယ်နီညိုဖြစ်စဉ်ကြောင့် တိမ်ဖြစ်ထွန်းမှုလျှော့မယ်။ တိမ်ဖြစ်ထွန်းမှုလျှော့တော့ မိုးမရွာဘူး။ မိုးရွာမှုနည်းမယ်။ မိုးရွာမှုနည်းတော့ အပူချိန်တွေ ပိုပြီးတော့ မြင့်လာမယ်။ အယ်နီညိုကြောင့် ဘယ်လို သက်ရောက်လည်းဆိုရင် အပူချိန်တွေ မြင့်လာနိုင်တယ်။ မိုးရွာသွန်းမှုတွေ နည်းလာနိုင်တယ် လို့ ယေဘူယျအားဖြင့် သတ်မှတ်တယ်။ စိုက်ပျိုးရေး နဲ့ ကျန်းမာရေးပြသနာတွေ ဖြစ်နိုင်တယ်’’ ဟုပြောသည်။

အားကောင်းခဲ့သည့် အယ်နီညိုများ

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် နှင့် ၂၀၁၅-၂၀၁၆ ခုနှစ်တို့တွင် အားကောင်းခဲ့သည့် အယ်နီညိုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။၂၀၁၆ ခုနှစ် မေလတွင် အယ်နီညို ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ ဖြစ်သည့် စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း ၊ မန္တလေး တိုင်းဒေသကြီး နှင့် မကွေး တိုင်းဒေသကြီးများတွင် အပူချိန် စံချိန်သစ်များတင်ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံအတွက် ပြောရရင် အယ်နီညိုရဲ့ ပူပြင်းမှုကို ခံစားရတဲ့ ဒေသရှိသလို မခံစားရတဲ့ဒေသလည်းရှိတယ်။ ၂၀၁၀ခုနှစ်တုန်း ကဆိုရင် နှစ်ပေါင်း ၅၀ အတွင်း အမြင့်ဆုံးဖြစ်တဲ့ စံချိန်တင်တဲ့ အပူချိန် ဖြစ်ခဲ့တာတွေရှိတယ်။ ဒီနှစ်ကတော့ အယ်နီညိုဖြစ်ရင် ပူတော့ ပူမယ် နေရာတိုင်းတော့ အပူချိန်ကို ခံစားရမှု မတူနိုင်ဘူး။ အပူပိုင်းဇုန်ဒေသ တွေကတော့ အပူချိန်ကို ပိုခံစားရနိုင်တယ်။’’ ဟုပြောသည်။ အယ်နီညို ခံစားရသည့် ဒေသများတွင် စိုက်ပျိုးရေ ရှားပါးမှု၊ သောက်သုံးရေရှားပါးမှု၊ အပူဒဏ်ကြောင့် ဖြစ်သည့် ရောဂါများ အားခံစားရနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မတ်လ နှင့် ဧပြီလ တို့သည် အပူချိန်အမြင့်ဆုံးလများဖြစ်ကြောင်း သိရသည်။ (Xinhua)