Connect with us

Myanmar

၇၅နှစ်မြောက်အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံးနှင့်ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ဂါရဝပြုမည့် ပြည်သူများအနေဖြင့် လက်ကိုင်ဖုန်းများအပါအဝင် သယ်ဆောင်ခွင့်မပြုသည့် ပစ္စည်းများ ထုတ်ပြန်

အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ဇူလိုင် ၁၉ရက်တွင် ကျရောက်မည့် ၇၅ နှစ်မြောက်အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံးနှင့်ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ဂါရဝပြုမည့် ပြည်သူများအနေဖြင့် လက်ကိုင်ဖုန်းများအပါအဝင် သယ်ဆောင်ခွင့်မပြုသည့် ပစ္စည်းများနှင့် COVID-19 စည်းမျဉ်းစည်းကမ်းအား လိုက်နာရန် ထုတ်ပြန်ကြေညာထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးသက်ဆွေက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၄ ရက်တွင် အတည်ပြုပြောကြားသည်။

၇၂ နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုသို့ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်က ပြည်သူများ လာရောက် ဂါရဝပြုကြစဉ် (ဆင်ဟွာ)

ဦးသက်ဆွေက “သယ်ယူခွင့်မပြုတဲ့ ပစ္စည်းတွေက ကျွန်တော်တို့နှစ်စဉ်ထုတ်ပြန်နေကျပါ ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး တခြားနိုင်ငံတွေရဲ့ အခြေအနေ၊ ကိုယ့်နိုင်ငံရဲ့ အခြေအနေကို တောက်လျှောက်ကို မပျက်မကွက် နှိုးဆော်နေပါတယ်။ အခုတွေ့နေရတဲ့ Omicronဗီဇပြောင်း ဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် COVID-19 စည်းမျဉ်းစည်းကမ်း နဲ့အညီ ပြည်သူတွေ ဂါရဝပြုဖို့ တိုက်တွန်းပြောကြားလိုပါတယ်’’ ဟုပြောသည်။

အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး) နှင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ဂါရဝပြုကြမည့် ပြည်သူများအနေဖြင့် လက်ကိုင်ဖုန်းအမျိုးမျိုး၊ ပန်းခွေ၊ပန်းစည်း၊ပန်းခြင်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ ဗီနိုင်းအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင်အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်၊ သံပိုက်များ၊ မီးခြစ်အမျိုးမျိုး၊ ဘောလ်ပင်အမျိုးမျိုး အားယူဆောင်၍ ဝင်ရောက်ခွင့်မပြုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မှ မေတ္တာရပ်ခံပန်ကြားချက်အားထုတ်ပြန်ထားသည်။

ထို့ပြင် ဇူလိုင် ၁၉ရက်တွင် ကျရောက်မည့် ၇၅ နှစ်မြောက်အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်၊ အတွင်းဝန်ရုံးနှင့်ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ဂါရဝပြုကြမည့်ပြည်သူများအနေဖြင့် နှာခေါင်းစည်းအား စနစ်တကျတပ်ဆင်ရန်၊ သတ်မှတ်ထားသည့်နေရာတွင်လက်ဆေး၍ Hand Sanitizer အသုံးပြုပြီးမှ ဝင်ရောက်ရန်အပါအဝင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် COVID-19 စည်းမျဉ်းစည်းကမ်းများနှင့် အညီ လာရောက်ရန် နှင့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းစသည့် ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ လာရောက်ခြင်းမပြုကြရန် မေတ္တာရပ်ခံပန်ကြားချက်တွင် ဖော်ပြထားသည်။

ဦးသက်ဆွေက “လာနေကျလူတွေကတော့ ဒီစည်းကမ်းချက်တွေကို သူတို့သိပါတယ်။ အာဇာနည်နေ့ရဲ့ သတ်မှတ်ထားတဲ့ အချိန်မှာ MRTV ကနေ ဥသြသံဆွဲမယ်။ အဲဒီအချိန်မှာ ကားတွေ ကဟွန်းတီးတာတွေလုပ်မယ်။နောက်ပြီး အာဇာနည်နေ့ကို လာရောက်ကြတဲ့ ပြည်သူတွေအနေနဲ့ Droneတွေကို ယူဆောင်လာခြင်း၊ လွှတ်တင်ခြင်း၊ ရိုက်ကူးခြင်းမပြုဘူးဆိုတာကိုလည်း အရင်နှစ်တွေအတိုင်းအတူတူပါပဲ။ ပြည်သူတွေလည်း သိကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နတ်မောက်က အိမ်ကိုရော၊ ရန်ကုန်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကိုရော၊ အာဇာနည်ဗိမာန်ကိုရော၊ အတွင်းဝန်ရုံးကိုရော စိတ်အေးချမ်းသာစွာနဲ့ ပြည်သူတွေက နိုင်ငံ့ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုဖို့ ပြောချင်ပါတယ်’’ ဟုပြောသည်။ (Xinhua)