Connect with us

Politics, Law & Military

စက်သုံးဆီ ရည်ညွှန်းဈေးထက် ပိုမိုရောင်းချတဲ့ အရောင်းဆိုင် ၈၂ ဆိုင်ကို အရေးယူဆောင်ရွက်

နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်တွင် ဆီထည့်နေသည့် မော်တော်ကားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

စက်သုံးဆီကို ရည်ညွှန်းဈေးထက် ပိုမိုရောင်းချသောအရောင်းဆိုင် ၈၂ ဆိုင်အား ဒဏ်ကြေးငွေ ပေးဆောင်စေပြီး အရေးယူဆောင်ရွက်ခဲ့ ကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ဇူလိုင် ၁၃ ရက်တွင်ပြောသည်။စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက “ဒီ ၈၂ ဆိုင် ကို စိစစ်တွေ့ရှိတဲ့ အရေးယူဆောင်ရွက်ခဲ့တာပါ။ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့ ကော်မတီတွေကနေ စိစစ်ပြီးတင်ပြတဲ့အပေါ်မှာ မူတည်ပြီး အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။’’ ဟုပြောသည်။

စက်သုံးဆီဈေးနှုန်းနှင့် ပတ်သက်ပြီး ရည်ညွှန်းလက်လီဈေးများအားစက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ အနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီနှင့် ပြည်နယ်များ၏ မြို့တော်များအလိုက်နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။

လက်ရှိအချိန်ထိ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမို ရောင်းချကြောင်း စိစစ်ပေါ်ပေါက်သည့် စက်သုံးဆီအရောင်းဆိုင် ၈၂ ဆိုင်ကို ဥပဒေနှင့်အညီ ဒဏ်ကြေးငွေတပ်ပြီး အရေးယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ရည်ညွှန်းဈေးထက် ပိုမိုရောင်းချသော စက်သုံးဆီအရောင်းဆိုင်များအား စိစစ်၍ ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေ၊ တည်ဆဲဥပဒေများနှင့် ကော်မတီ၏ စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းများဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၎င်းတာဝန်ရှိသူကပဲ “ကျွန်တော်တို့ကော်မတီအနေနဲ့စိစစ်မှုတွေကို တောက်လျှောက်လုပ်နေပါတယ်။ နောက်လည်း အရေးယူမှုတွေရှိဦးမှာပါ။ ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ စက်သုံးဆီဈေးနှုန်းတည် ငြိမ်ရေး၊ စက်သုံးဆီပြတ်လပ်မှု မရှိစေရေး တွေကို ကျွန်တော်တို့ ကော်မတီကနေ ထိန်းကျောင်းဆောင်ရွက်နေပါတယ်’’ ဟုပြောသည်။

ပြည်သူများအနေဖြင့် စက်သုံးဆီ ဝယ်ယူသုံးစွဲရာတွင် အဆင်မပြေသော ကိစ္စရပ်များနှင့် ပတ်သက်၍ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ သို့တိုင်ကြားနိုင်ကြောင်း ၎င်းကဆိုသည်။(Xinhua)