Connect with us

Myanmar

၃၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အလေးမအားကစားသမားများရွေးချယ်

နေပြည်တော်၌ အလေးမအားကစားနည်း ပြိုင်ပွဲအသွင်ဆန်းစစ်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပခဲ့စဉ် (ဓာတ်ပုံ-အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် အလေးမ အားကစားနည်းမှ ကစားသမား ၆ဦးကို ရွေးချယ်ခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆင်ဟွာသို့ ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင်ပြောသည်။

“နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းမှာ စခန်းဝင်လေ့ကျင့်နေတဲ့ အလေးမ အားကစားနည်းက ပဏာမလက်ရွေးစင် အားကစားသမားတွေကို ရွေးချယ်ခဲ့တာပါ’’ ဟု ၎င်းကပြောသည်။

ယင်းရွေးချယ်ခံရသူများမှာ အမျိုးသမီးအလေးမ အားကစားသမား ၄ ဦးနှင့် အမျိုးသားအလေးမ အားကစားသမား ၂ ဦး ဖြစ်ကြောင်း မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်မှ သိရသည်။

မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးမျိုးမင်းက “အခုလူရွေးချယ်ပွဲကတော့ လက်ရည်စမ်းတဲ့ ပွဲပေါ့။ မနှစ်က အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မှာ အလေးမ အားကစားက ကြေးတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒီနှစ်ကို မနှစ်ကထက် ပိုမိုကောင်းမွန်တဲ့ ဆုတံဆိပ်ရရှိအောင် ကစားသမားတွေက လေ့ကျင့်နေကြပါတယ်’’ ဟု ဆင်ဟွာသို့ပြောသည်။ (Xinhua)