Connect with us

Culture & Entertainment

ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ကို ၁၀ ရက်တာကျင်းပမည်

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ၁၈ ရက်က ဖူးတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၅ ရက် အထိ ၁၀ ရက်တာ ကျင်းပမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ၊ လုပ်ငန်းဌာန တာဝန်ခံ ဦးဘိုးသင်းက ဆင်ဟွာသို့ ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်တွင်ပြောသည်။

ရန်ကုန်မြို့ရှိရွှေတိဂုံစေတီတော်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက် က ဖူးတွေ့ရစဉ် (ဆင်ဟွာ)

“တပေါင်းပွဲတော်ကို ကျွန်တော်တို့ လပြည့်နေ့ မတ်လ ၅ရက်အထိ ၁၀ ရက်ကျင်းပမှာပါ။ အဖိတ်နေ့ မတ် ၄ ရက် ညနေမှာတော့ ဘုရားရင်ပြင်တော်ပေါ်မှာ ဆွမ်းဆန်စိမ်းလောင်းလှူပွဲရှိပါတယ်။လပြည့်နေ့မနက်မှာတော့ အောင်ပွဲလုပ်မှာပါ။ အောင်ပွဲကို မတ် ၅ ရက်မနက် ၉ နာရီမှာ အခမ်းအနားသိမ်းပြီး ရေစက်ချအခမ်းအနားလုပ်မှာပါ’’ ဟု ဦးဘိုးသင်းကပြောသည်။

ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်က ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ကျင်းပခဲ့ကြောင်းသိရသည်။

မတ် ၂၄ ရက် နံနက်(၈)နာရီအချိန်တွင် ပွင့်တော်မူခဲ့သည့် နှစ်ကျိပ်ရှစ်ဆူသော ဗုဒ္ဓရုပ်ပွားတော်များကို ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း စုရပ်မှစတင်၍ ရင်ပြင်တော်တစ်ပတ်ခွဲလှည့်လည်ပူဇော်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည့် ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်းအတွင်းသို့ ပင့်ဆောင်ပူဇော်ခဲ့ကြောင်းသိရသည်။

နံနက် ၉ နာရီအချိန်တွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
“ရွှေတိဂုံဘုရားနဲ့ တပေါင်းပွဲတော်ကတော့ ဟိုးအရင်ကတည်းက ကျင်းပလာခဲ့တဲ့ပွဲတော်ဖြစ်ပါတယ်။ ရွှေတိဂုံက တာဝန်ယူကျင်းပတဲ့ ပွဲထဲမှာ တပေါင်းပွဲကလည်း ပွဲကြီးတစ်ပွဲဖြစ်ပါတယ်” ဟု ဦးဘိုးသင်းက ရှင်းပြသည်။ (Xinhua)