Connect with us

Politics, Law & Military

၂၀၁၅ ရွေးကောက်ပွဲတွင် NLD မဲဆန္ဒနယ် အများစု ဝင်ပြိုင်မည်


နေပြည်တော်၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မဲဆန္ဒနယ် အများစုတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ကြေငြာလိုက်သည်။

အဖွဲ့ချုပ်မှ ကိုယ်စားလှယ် ရွေးရာတွင် ၂၀၁၂ ရွေးကောက်ပွဲအတွက် ရွေးချယ်ခဲ့ပုံနှင့် မကွာခြားဘဲ အရည်အချင်းရှိသူ၊ အမျိုးသမီး၊ လူငယ်နှင့် တိုင်းရင်းသားများ ဦးစားပေးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း သတ်မှတ်ချက် ဖြစ်သော ပုဒ်မ ၅၉ (စ) မပြင်နိုင်သည့် အတွက် သမ္မတလောင်း နှင့်ပတ်သက်၍ ပြည်သူတွေ လက်ခံနိုင်သည့် အစီအစဉ်တစ်ခု လုပ်သွားမည် ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

တိုင်းရင်းသား ပါတီများ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒ နယ်မြေများကို NLD အနေဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး တိုင်းရင်းသား ပါတီများနှင့် ဆက်ပြီး ဆွေးနွေးသွားမည် ဖြစ်သည်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး လွှတ်တော် အတွင်းရောက် ပြီးသည့် အတွေ့ကြုံရှိ ကိုယ်စားလှယ်လောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ခိုင်းမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား နေပြည်တော်ရှိ သူမ၏ နေအိမ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မြင်တွေ့ရစဉ် (ဆင်ဟွာ)

အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ကြားဖြတ် ရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ ထပ်မံ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ရွေးကောက်ပွဲ ဝင်ရောက်ရေးနှင့် ပတ်သက်ပြီး နေပြည်တော်၌ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်ကာ ရွေးကောက်ပွဲ ဝင်ရောက်မည် ဟူသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး မပြီးဆုံးသေးသည့် ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲရေးကို ဆက်လက် လုပ်ကိုင်မည်ဟု ယနေ့ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၂ ခုနှစ် ဧပြီ တစ်ရက်နေ့တွင် လစ်လပ်နေရာ ၄၅ နေရာအတွက် ကျင်းပခဲ့ရာ အတိုက်ခံ ပါတီတစ်ခုဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ ၄၃ နေရာ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည် နေရာရရှိခဲ့သည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာ ၈ ရက်နေ့၊ တနင်္ဂနွေနေ့တွင် ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.