Connect with us

Politics, Law & Military

မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်း ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများအား သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မေ ၁၀ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အဝင်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရရှာဖွေစစ်ဆေးမှုများ ဆောင်ရွက်စဉ် ဧပြီ ၁၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် NISSAN CONDOR အမျိုးအစားမော်တော်ယာဉ်နှင့် GOLDEN TRUCK အမျိုးအစားမော်တော်ယာဉ်တို့အား ရှာဖွေစစ်ဆေးရာ ယာဉ်များပေါ်မှ ဘိန်းဖြူ ၄၈ ဒသမ ၄ ကီလိုဂရမ်တို့ကိုလည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ စက်မှုဇုန်သွားလမ်း၌ NISSAN CONDOR ယာဉ်ပေါ်အား စစ်ဆေးရာ ဘိန်းဖြူ ၂၈.၆ ကီလိုဂရမ်ကိုလည်းကောင်း အသီးသီးတွေ့ရှိဖမ်းဆီးရမိခဲ့ရာ စုစုပေါင်းဘိန်းဖြူ ၇၇ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃.၈၅ ဘီလီယံ) အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ဆက်စပ်သတင်းများအရ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ) ရပ်ကွက်၊ ၅၉ လမ်းနှင့် ၁၃၉ လမ်းထောင့်၌ ရပ်တန့်ထားသည့် NISSAN CONDOR ၆ ဘီးယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၄ သန်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆ ဘီလီယံခန့်) ကို ဧပြီ ၃၀ ရက်တွင် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ခန့်မှန်းငွေကျပ် ၉. ၈၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၇၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၄ သန်းတို့ကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ရာ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်စပ်တရားခံများကိုလည်း ဆက်လက်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)