Connect with us

Science & Technology

COVID-19 ဖြစ်ပွားသည့်အချိန်တွင် အင်တာနက်အသုံးပြုမှု ၇၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းဆို

မိုဘိုင်းဖုန်း အသုံးပြုနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာနိုင်ငံတွင် COVID-19 ရောဂါမဖြစ်ပွားခင်နှင့် COVID-19 ရောဂါဖြစ်ပွားပြီးအချိန်နောက်ပိုင်းတွင် အင်တာနက်အသုံးပြုမှု ၇၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဆင်ဟွာသို့ နိုဝင်ဘာ ၂၈ ရက်တွင်ပြောသည်။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် အိမ်တွင်နေရသည့်အခါ လုပ်ငန်းဆောင်ရွက်မှုအပိုင်းတွင်ရော၊ဖျော်ဖြေရေးလုပ်ငန်း များအတွက်ပါ အင်တာနက်ကို ပိုမိုအသုံးပြုလာကြခြင်းဖြစ်ကြောင်း၊ COVID-19 မတိုင်ခင် တွင် အင်တာနက်အသုံးပြုသူ အယောက် ၁၀၀ ရှိပါက COVID-19 ရောဂါဖြစ်ပွားပြီးနောက်ပိုင်းတွင် အင်တာနက် အသုံးပြုသူ ၁၇၀ ဦးခန့်အထိ တိုးတက်လာခဲ့ကြောင်းဆိုသည်။

“အကြမ်းအားဖြင့် အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းပေါင်း၁၀၀ ဝန်းကျင်လောက်ရှိတယ်။ ဒါပေမယ့် ဝန်ဆောင်မှုများများပေးနိုင်တဲ့လုပ်ငန်းကတော့ အခု၂၀ ဝန်းကျင်လောက်ရှိပါတယ်။ လိုင်စင်လျှောက်ရင် စီမံကိန်း ၅နှစ်အတွင်းမှာ ဘယ်လောက်ရင်းနှီးမြှုပ်နှံမယ်။ ဘယ်လိုဆောင်ရွက်မယ်။ ဘယ်ဒေသတွေမှာ ဘယ်လိုလူတွေကို ဝန်ဆောင်မှုပေးမယ်။ ဘယ်လောက်နဲ့ ဝန်ဆောင်မှုပေးမယ်ဆိုတာတွေ ပေါ်မူတည်ပြီး ကျွန်တော်တို့ကလိုင်စင်ထုတ်ပေးပါတယ်’’ ဟု၎င်းကဆက်ပြောသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အင်တာနက်ချိတ်ဆက်တည်ထောင်ခြင်းလုပ်ငန်း လုပ်ကိုင်နေခြင်းများ အတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းကျောင်းခြင်း၊ စိစစ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အင်တာနက်လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လိုက်နာရမည့် မူဝါဒများ အားလည်း ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရသည်။

“ဒီနောက်ပိုင်းမှာ အင်တာနက်သုံးစွဲမှု ကပိုများလာမယ်လို့ခန့်မှန်းရပါတယ်။ မိုဘိုင်းဖုန်းနဲ့ အင်တာနက်သုံးစွဲမှု ကပိုများပါတယ်’’ ဦးမျိုးဆွေက ဆက်ပြောသည်။

ထို့အပြင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာသော ဆက်သွယ်ရေးဆိုင်ရာ နည်းပညာနှင့်အတူ နိုင်ငံတစ်ဝန်းလုံးတွင် ဆက်သွယ်ရေးကွန်ရက် ဖြန့်ကြက်ပြီး အများပြည်သူ ဆက်သွယ်အသုံးပြုနိုင်သည့် အခွင့်အလမ်း များပိုမိုရရှိလာနိုင်စေရန်အတွက် ရေဒီယိုလှိုင်းနှုန်းစဉ်များအား အိုင်တီယူလျာထားချက်၊ ဒေသ ဆိုင်ရာလျာထားချက်တို့နှင့် ညီညွတ်မှုရှိစေရန် ရေးဆွဲထားသည့် နိုင်ငံလုံးဆိုင်ရာ လှိုင်းနှုန်းစဉ် လျာထားချက်ကို အခြေခံ၍ စနစ်တကျခွဲဝေ သတ်မှတ်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)