Connect with us

Science & Technology

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တိုင်းဒေသကြီးနှင့် ပြည်နယ်တချို့တွင် ကေဘယ်လ်ကွန်ရက်စနစ်မှ ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ်နှင့် ကြိုးမဲ့စနစ်သုံးတယ်လီဖုန်းများဖြင့်ပြောင်းလဲမည်

ဆက်သွယ်ရေးတာဝါတိုင်အားတွေ့ရစဉ် (ဓာတ်ပုံ--ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) အနေဖြင့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ရှိအိတ်ချိန်းတချို့အား ခေတ်မီအိတ်ချိန်းစက်များပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ်မှ မြန်နှုန်းမြင့် သတင်းအချက်အလက်ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ်နှင့် ကြိုးမဲ့စနစ်သုံးတယ်လီဖုန်းများဖြင့်ပြောင်းလဲ တပ်ဆင်မည်ဖြစ်သောကြောင့် အော်တိုတယ်လီဖုန်းနံပတ်များ ပြောင်းလဲသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမျိုးဆွေက ဆင်ဟွာသို့ဒီဇင်ဘာ ၄ ရက်တွင်ပြောသည်။

“အရင်တုန်းကအော်တိုအိတ်ချိန်းတွေက လွန်ခဲ့တဲ့ ၁၀နှစ် ၁၅နှစ်က တပ်ထားတဲ့ အိတ်ချိန်းစက်တွေဖြစ်တယ်။ အခုနောက်ပိုင်းအိတ်ချိန်းတွေကတော့ ဘာအားသာချက်ရှိသွားလဲဆိုတော့အားလုံးကို ကွန်ထရိုးတစ်ခုတည်းနဲ့ အင်တာနက်အပါအဝင်အားလုံးကို ဝန်ဆောင်မှုပေးနိုင်တာမျိုးဖြစ်တယ်။အိတ်ချိန်းအသစ်တွေက ဖန်ကြိုးမျှင်နဲ့ သွားတာဖြစ်တယ်။ အဲဒါကို Update လုပ်တာဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ကရင်ပြည်နယ် တွင် သံတောင်ကြီးအိတ်ချိန်း၊ သင်္ဃန်းညီနောင်အိတ်ချိန်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် မူဆယ်အိတ်ချိန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် သရက်ချောင်းအိတ်ချိန်း၊ ကချင်ပြည်နယ်တွင် ဖားကန့်အိတ်ချိန်း၊ လုံးခင်းအိတ်ချိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ကွမ်းခြံကုန်းအိတ်ချိန်းတို့အားပြောင်းလဲ သွားမည်ဖြစ်ကြောင်းသိရသည်။

သံတောင်ကြီးအိတ်ချိန်းတွင် လက်ရှိအသုံးပြုနေသောဖုန်းနံပတ် ၀၅၄-၄၅ မှ ၀၅၄-၄၇၄၅ သို့လည်းကောင်း၊ သင်္ဃန်းညီနောင်အိတ်ချိန်းတွင် ၀၅၈-၅၅ မှ ၀၅၈-၄၇၅၅ သို့လည်းကောင်း၊ မူဆယ်အိတ်ချိန်းတွင် ၀၈၂-၅၀ မှ ၀၈၂-၂၉၅၀ သို့လည်းကောင်း၊ ၀၈၂- ၅၁ မှ ၀၈၂-၂၉၅၁သို့လည်းကောင်း၊ ၀၈၂-၅၂ မှ ၀၈၂-၂၉၅၂ သို့လည်းကောင်း၊ သရက်ချောင်းအိတ်ချိန်းတွင်၀၅၉-၃၅ မှ ၀၅၉-၂၀၃၅ သို့လည်းကောင်း၊ ဖားကန့်အိတ်ချိန်းတွင် ၀၇၄-၇၀ မှ ၀၇၄-၂၅၇၀ သို့လည်းကောင်း၊လုံးခင်းအိတ်ချိန်းတွင် ၀၇၄-၇၂ မှ ၀၇၄-၂၅၇၂ သို့လည်းကောင်း၊ ကွမ်းခြံကုန်းအိတ်ချိန်း တွင် ၀၁-၂၆၅မှ ၀၁-၈၂၆၅ သို့လည်းကောင်း နံပါတ်များအသီးသီးပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။

နံပါတ်အဟောင်းမှ၊နံပါတ်အသစ်သို့ပြောင်းလဲစဉ်ကာလအတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Call Forward ဝန်ဆောင်မှုကိုပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃)လ အထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် နံပါတ်သစ်သို့ပြောင်းလဲနေစဉ်ကာလအတွင်း လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)