Connect with us

Social

မြန်မာနိုင်ငံလူဦးရေ၏ (၄၆.၅%) သည် ကလေးသူငယ်နှင့်လူငယ်လူရွယ်များဖြစ်

ကလေးငယ်တချို့ ပညာသင်ကြားနေစဉ် (ဓာတ်ပုံ--မြဝတီ)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ (၄၆.၅%) သည် ကလေးသူငယ်နှင့်လူငယ်လူရွယ်များဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ကလေးသူငယ်နှင့်လူငယ်လူရွယ် (၂၄.၅) သန်းနှင့်၂၀၄၄ခုနှစ်တွင်(၂၃.၁)သန်းသာရှိမည် ဟု ခန့်မှန်းထားကြောင်း ကလေးသူငယ် နှင့် လူငယ်လူရွယ်အကြောင်းအရာ သုတေသနစာတမ်းတွင် ပါရှိသည်။

ယခုအတိုင်း ကလေးမွေးဖွားနှုန်းနှင့် ကလေးသေဆုံးနှုန်းများ ဆက်လက်တည်ရှိနေမည်ဆိုပါက နောင်လာမည့် ဆယ်နှစ်အတွင်း ကလေးသူငယ်နှင့်လူငယ်လူရွယ် ဦးရေမှာ အနည်းငယ်သာတိုးလာနိုင်ကြောင်း ၊

အဆိုပါသုတေသနစာတမ်းပါ အချက်အလက်များသည် ယနေ့မြန်မာနိုင်ငံရှိ ငယ်ရွယ်သူ မျိုးဆက်သစ်များ၏ပုံရိပ်ကို ထင်ဟပ်ပေါ်လွင်စေကြောင်း သိရသည်

ကလေးသူငယ်နှင့်လူငယ်လူရွယ်အကြောင်းအရာ သုတေသနစာတမ်းတွင် ကလေးနှင့်လူငယ်များ၏ လူဦးရေနှင့်လူမှုရေးဆိုင်ရာ အချက်အလက်များ၊ အိမ်အကြောင်းအရာနှင့်အိမ်ထောင်စုရှိပစ္စည်းများ၊ နေထိုင်မှုအခြေအနေ၊ ကျန်းမာရေးအခြေအနေ၊ အိမ်ထောင်ရေးအခြေအနေ၊ ကျောင်းတက်ရောက်မှုနှင့် အလုပ်လုပ်ကိုင်မှု၊ ပြည်တွင်း/ပြည်ပ ပြောင်းရွှေ့သွားလာမှုစသည့် ကဏ္ဍများကို အသက်အုပ်စုအလိုက်/အသက်တစ်နှစ်ချင်းအလိုက် လေ့လာသုံးသပ်တင်ပြထားပါသည်။

စာတမ်းပါ အချက်အလက်များအရ အသက် ၅နှစ် မှ ၉ နှစ်အတွင်းရှိသူ ကလေးများ၏ (၇၁.၂) ရာခိုင်နှုန်းသည် မူလတန်းပညာ တက်ရောက်သင်ကြားနေပြီး အသက် (၁၀-၁၃) နှစ်အရွယ် ကလေး (၇၆.၂) ရာခိုင်နှုန်းမှာ အလယ်တန်းပညာ တက်ရောက်သင်ကြားနေကြပါသည်။ သို့သော် အသက် (၁၄-၁၅) နှစ်အတွင်းရှိ ကလေးများ၏ထက်ဝက်ခန့် (၅၁%) သာ အထက်တန်းပညာကို တက်ရောက်သင်ကြားနေကြောင်း တွေ့ရှိရပါသည်။ ကျေးလက်ဒေသတွင် (၄၇) ရာခိုင်နှုန်းနှင့် မြို့ပြဒေသတွင် (၅၉) ရာခိုင်နှုန်းရှိသဖြင့် ကျေးလက်နှင့်မြို့ပြကွာခြားမှုကိုလည်းဖော်ပြထားကြောင်း သိရသည်။

အဆိုပါစာတမ်း၏ တွေ့ရှိချက်များအရ ကလေးသူငယ် သုံးယောက်လျှင် တစ်ယောက်သည် အလင်းရောင်အတွက် ရေနံဆီနှင့် ဖယောင်းတိုင်ကို အသုံးပြုနေရသော အိမ်ထောင်စုများမှ ဖြစ်ကြောင်း၊ ထို့အပြင် ကလေးသူငယ်နှင့် လူငယ်ရာခိုင်နှုန်းများစွာ (၇၅.၇%) သည် အစားအစာချက်ပြုတ်ရန် သစ်သား/ထင်းနှင့် ရေနံဆီတို့ကို လောင်စာအဖြစ် အဓိကအသုံးပြုသော အိမ်ထောင်စုများမှဖြစ်ပြီး၊ အကျိုးဆက်အဖြစ် ကလေးသူငယ်များသည် ဝမ်းလျှောရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ အဆိပ်သင့်မှုများဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိကြောင်းဖော်ပြထားပါသည်။ အဆိုပါ အန္တရာယ်ဖြစ်နိုင်ချေမှာ ကျေးလက်ဒေသတွင် ပိုမိုမြင့်မားကြောင်း၊ အလုပ်လုပ်ကိုင်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အသက် ၁၀ နှစ်မှ ၁၃နှစ်အရွယ် ကလေးသူငယ်များ၏ (၈) ရာခိုင်နှုန်းသည် အလုပ်လုပ်နေကြကြောင်း၊ မြို့ပြဒေသတွင် (၄) ရာခိုင်နှုန်းနှင့် ကျေးလက်ဒေတွင် (၉) ရာခိုင်နှုန်းဖြစ်ကြောင်း၊ အသက် (၁၅-၁၉) နှစ်ရှိ လူငယ်အမျိုးသားများ၏ (၆၀) ရာခိုင်နှုန်းနှင့် အမျိုးသမီးများ၏ (၄၄.၂) ရာခိုင်နှုန်းသည် လုပ်သားအင်အားစုတွင် ပါဝင်ကြကြောင်း၊ လူငယ်အမျိုးသားများ၏ လုပ်သားအင်အားပါဝင်မှုနှုန်းမှာ အသက် (၂၀) နှစ် နောက်ပိုင်းတွင် မြင့်တက်လာသည်ကို တွေ့ရှိရပြီး၊ အသက် (၂၅-၂၉) နှစ်တွင် (၉၂.၃) ရာခိုင်နှုန်းရှိကြောင်း၊ အသက် (၂၀-၂၄) နှစ် လူငယ်အမျိုးသမီးများ၏ လုပ်သားအင်အားပါဝင်မှုနှုန်းမှာ (၅၉.၇) ရာခိုင်နှုန်းရှိသော်လည်း အသက် (၂၅-၂၉) နှစ်တွင် (၅၇.၇) ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ဖော်ပြထားပါသည်။

လူငယ်အများစုမှာ သူတို့မွေးဖွားရာ မြို့နယ်များတွင် နေထိုင်ကြပြီး၊ အသက် ၁၅ နှစ်မှ ၂၄နှစ်ရှိ လူငယ် ငါးယောက်လျှင် တစ်ယောက် (၁၉) ရာခိုင်နှုန်းသည် မွေးဖွားရာဒေသမှ အခြားဒေသသို့ ပြောင်းရွှေ့ဘူးသူများဖြစ်ကြောင်း၊ လူငယ်များ၏ (၅၇) ရာခိုင်နှုန်းသည် ဘဝတစ်လျှောက်တွင် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုမှ အခြားတိုင်းဒေသကြီး/ပြည်နယ်တစ်ခုသို့ အနည်းဆုံးတစ်ကြိမ် ပြောင်းရွှေ့နေထိုင်ဘူးကြောင်း၊ လူငယ်များသည် ရန်ကုန်တိုင်းဒေသကြီးသို့ အများဆုံးပြောင်းရွှေ့ကြကြောင်း ဖော်ပြထားပါသည်။ သန်းခေါင်စာရင်းကောက်ယူသောကာလတွင် လူငယ်လူရွယ် (၇) သိန်းခန့် ပြည်ပတွင်ရောက်ရှိနေကြကြောင်း၊ အချို့သောနယ်စပ်ဒေသများတွင် လူငယ်လူရွယ် (၅၀) ရာခိုင်နှုန်းခန့် ပြည်ပတွင်ရောက်ရှိနေကြောင်း၊ ပြည်ပပြောင်းရွှေ့သူများ၏ (၆၀) ရာခိုင်နှုန်းမှာ လူငယ်အမျိုးသားများဖြစ်ကြောင်း သိရှိရပါသည်။

ဤသုတေသနစာတမ်းတွင် ကလေးသူငယ်များ၊ အထူးသဖြင့် ကျေးလက်ဒေသရှိ ကလေးသူငယ်များအတွက် လိုအပ်သည့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ သန့်ရှင်းသော ယင်လုံအိမ်သာများ ဆောက်လုပ်သုံးစွဲနိုင်ရေး၊ လျှပ်စစ်မီးပိုမိုရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုပံ့ပိုးပေးနိုင်ရေး စသည်တို့အတွက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။

ထို့အပြင် မူလတန်းပြီးဆုံးချိန်တွင် အလယ်တန်းဆက်လက်တက်ရောက်ရန်အတွက် အဟန့်အတားများလျှော့ချပေးရန်နှင့် ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရန်လိုအပ်ကြောင်း၊

ပြည်သူ့အင်အားဦးစီးဌာနသည် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အစီရင်ခံစာများကို အတွဲများအလိုက် ထုတ်ပြန်ကြေညာရာ ပထမအဆင့်အနေဖြင့် ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင်လည်းကောင်း၊ သန်းခေါင်စာရင်းပင်မအစီရင်ခံစာများကို ၂၀၁၅ ခုနှစ် မေလတွင်လည်းကောင်း၊ အလုပ်အကိုင်နှင့်လုပ်ငန်းအစီရင်ခံစာကို ၂၀၁၆ ခုနှစ် မတ်လတွင်လည်းကောင်း၊ ကိုးကွယ်သည့်ဘာသာအစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဇူလိုင်လတွင်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များကို အခြေခံ၍ အသေးစိတ်ဆန်းစစ်လေ့လာသည့်စာတမ်း (၁၃) စောင်နှင့် သန်းခေါင်စာရင်းရလဒ်မြေပုံစာအုပ်တို့ကို ပြုစုခဲ့ပြီး မွေးဖွားခြင်းနှင့်လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်း၊ ရွှေ့ပြောင်းသွားလာခြင်းနှင့် မြို့ပြထွန်းကားလာခြင်း၊ လူဦးရေခန့်မှန်းခြင်း၊ လူဦးရေပြောင်းလဲခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ အိမ်ထောင်စု၊ အိမ်အကြောင်းအရာနှင့် အိမ်ထောင်စုရှိပစ္စည်းများ၊ ကျား/မခွဲခြားလေ့လာခြင်း၊ မသန်စွမ်းမှုအကြောင်းအရာနှင့် သက်ကြီးရွယ်အို အကြောင်းအရာစာတမ်းများကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစသည်။

အဆိုပါ စာတမ်းများအားလုံးကို ပြည်သူ့အင်အားဦးစီးဌာန ဝက်ဘ်ဆိုဒ် www.dop.gov.mm တွင် လွှင့်တင်ထားကြောင်း၊ယခုထုတ်ပြန်သည့် ကလေးသူငယ်နှင့် လူငယ်လူရွယ်အကြောင်းအရာ စာတမ်းကို http://www.dop.gov.mm/moip/index.php…လင့်ခ်တွင် download ရယူနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.